နေပြည်တော် ၂၉ ဇူလိုင်
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများတွင် နိုင်ငံပြင်ပရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးကိစ္စများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့၏ ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင်၊ အမြဲတမ်းအတွင်းဝန် ဉီးစိုးဟန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ရွေးကောက်ပွဲဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံပြင်ပရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးကိစ္စများနှင့် စပ်လျဉ်း၍ မဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးရေးအတွက် မဲဆန္ဒရှင်များ ပုံစံ(၁၅)အား ဩဂုတ် ၅ ရက်မတိုင်မီ ဖြည့်စွက်ပေးပို့ကြရန် မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန် ချုပ်ရုံးများမှ နှိုးဆော်သွားရေးကိစ္စရပ်များ၊ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ စိစစ်ပြီးသည့် ပုံစံ(၁၅)များအား နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အချိန်မီ ပြန်လည်ပေးပို့နိုင်ရေးအတွက် ဆောင်ရွက်သွားရမည့်ကိစ္စရပ်များ၊ ကြိုတင်ဆန္ဒမဲလက်မှတ်များ မြန်မာသံရုံးများသို့ ပေးပို့ခြင်းနှင့် လျှို့ဝှက်ဆန္ဒပြုပြီး မဲလက်မှတ်များအား နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကြိုတင်ဆန္ဒမဲပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအတွက် သက်ဆိုင်ရာ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများအလိုက် အသေးစိတ်လုပ်ငန်းစီမံချက်များ ရေးဆွဲပေးပို့ရေး၊ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများတွင် မဲရုံများဖွင့်လှစ်ခြင်းနှင့် နိုင်ငံပြင်ပရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ သက်ဆိုင်ရာနိုင်ငံများမှ ချမှတ်ထားသည့် COVID-19 ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဆန္ဒမဲပေးနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ ဟန်ချက်ညီစွာ ဆောင်ရွက်သွားနိုင်ရေးတို့အပေါ် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ဉီးစိုးဟန်နှင့် ဉီးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များက နိုင်ငံပြင်ပရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးနှင့် ဝန်ထမ်းများ ပြည်တွင်း၌ ဆန္ဒမဲပေးရမည့် အစီအစဉ်များ ရှင်းလင်းပြောကြားရေးကိစ္စ၊ ရွေးကောက်ပွဲဆိုင်ရာ ပြည်တွင်း/ပြည်ပ လေ့လာသူများ (Election Observers) လာရောက်မည့်ကိစ္စ၊ နိုင်ငံခြားသံရုံး/ အဖွဲ့အစည်းများမှ ရွေးကောက်ပွဲလေ့လာရန် အဆိုပြုမှုကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင်က ယခုကာလမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံတကာလေကြောင်းများ ရပ်နားထားသည့် ကာလဖြစ်သဖြင့် ပုံစံ(၁၅)များ၊ ဆန္ဒမဲပြားများနှင့် ဆန္ဒပြုပြီးမဲလက်မှတ်များအား လုံခြုံစွာနှင့် အချိန်မီပေးပို့ရေးအတွက် ကယ်ဆယ်ရေး လေယာဉ်များ၊ အထူးလေယာဉ်များနှင့် အချိန်မီ ချိတ်ဆက်ပေးပို့ရေး အစီအမံများ ပြုစုတင်ပြရန်၊ ၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲအတွေ့အကြုံကို အခြေခံ၍ လွဲမှား/လစ်ဟာမှုများ မရှိစေရေးအတွက် ကြိုတင်ဆန္ဒမဲပေးမှု လုပ်ငန်းလမ်းညွှန်များကို မြန်မာသံအမတ်ကြီးများနှင့် ဗီဒီယို ကွန်းဖရင့်ပြုလုပ်၍ ရှင်းလင်းပြောကြားကြရန်၊ သံရုံးစိုက်ရာ အိမ်ရှင်နိုင်ငံ၏ ခွင့်ပြုချက်ရရှိပါက မဲရုံများတိုးချဲ့ဖွင့်လှစ်ရေး ညှိနှိုင်းဆောင်ရွက်ကြရန်၊ ရွေးကောက်ပွဲအား လေ့လာလိုသည့် နိုင်ငံခြားသံရုံးများ၊ ပြည်ပမှလေ့လာသူများအား ကူညီပံ့ပိုးရေးကိစ္စများ ညှိနှိုင်းဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်