နေပြည်တော် ၁၃ မတ်
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြန်ကြားရေးဝန်ကြီးဌာနက ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးနှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ချမှတ်ထားသည့် စံ (၅) ချက်နှင့်အညီ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲစက်ဝန်းတွင် ပါဝင်သော ကာလသုံးပါးဖြစ်သည့် ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲနှောင်းပိုင်းကာလတို့တွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ရသည့် လုပ်ငန်းစဉ် များစွာရှိကြောင်း၊ ရွေးကောက်ပွဲအသိပညာပေး လုပ်ငန်းများဖြစ်သည့် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူလူထု အသိပညာပေးခြင်း (Civic Education) နှင့် မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်း (Voter Education) များ ဆောင်ရွက်ရာတွင် ပြန်ကြားရေးဝန်ကြီးဌာနက အဓိက ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲလက်မှတ်များ ရိုက်နှိပ်ရာတွင် အရည်အသွေးကောင်းမွန်စေရေးနှင့် လုပ်ငန်းများအဆင်ပြေ ချောမွေ့စေရေး ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း၊ ကော်မရှင်အနေဖြင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ နှင့်ပူးပေါင်း၍ သတင်းမီဒီယာသမားများအတွက် ရွေးကောက်ပွဲ ဆိုင်ရာလမ်းညွှန်ကို ပြန်လည် ပြင်ဆင်၊ ဖြည့်စွက်ပြီး မကြာမီကာလတွင် ထုတ်ဝေနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ ရွေးကောက်ပွဲနေ့ သတင်းရယူနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနက စိစစ်ကူညီဆောင်ရွက်ပေးရန် ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် ဆိုရှယ်မီဒီယာ၌ သတင်းအမှားများနှင့် အမုန်းစကားများ ဖြန့်ဝေမှုများကို တားဆီးကာကွယ်ရန်အတွက် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ၊ Facebook Team တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူလူထုအသိပညာပေးခြင်းနှင့် မဲဆန္ဒရှင်အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် UEC Facebook Page ကို မကြာမီ ပြန်လည် အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝန်ကြီးဌာနက ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများ သိရှိစေရန်နှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ လှုံ့ဆော်ရေး၊ ပညာပေးရေးနှင့် သတင်းထုတ်ပြန်ရေးများကို နိုင်ငံပိုင် သတင်းမီဒီယာများတွင် ထုတ်လွှင့်ဖော်ပြနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြို့နယ်များရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးများတွင် သတင်းထုတ်ပြန်ရေး Center အဖြစ် အသုံးပြုပြီး မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက တင်ပြသည့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် ကော်မရှင်အဖွဲ့ဝင်များနှင့် ညွှန်ကြားရေးမှူးချုပ်တို့က ဖြည့်စွက် ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားသည်။
သတင်းစဉ်