နေပြည်တော် ၃ ဇန်နဝါရီ
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် ထုတ်ဝေမည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ၁၀၀၀/-ကျပ်တန် ငွေစက္ကူ ပုံစံသစ်၏ မျက်နှာစာဘက်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ပုံနှင့် ကျောဘက်တွင် လွှတ်တော်အဆောက်အဦပုံ ရိုက်နှိပ်ထားပါသည်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ၁၀၀ဝိ/-တန် ငွေစက္ကူ ပုံစံသစ်၏ အရွယ်အစားမှာ အလျား ၁၅၀ မီလီမီတာနှင့် အနံ ၇၀ မီလီမီတာရှိပါသည်။ ပေါ်လွင်သောအရောင်မှာ အပြာရောင်ဖြစ်ပါသည်။
ငွေစက္ကူ ဆေးသားရိုက်နှိပ်ရာတွင် ဖောင်းကြွပုံနှိပ်နည်းစနစ်ဖြင့် ရိုက်နှိပ်ထားသည့်အတွက် ငွေစက္ကူ၏တန်ဖိုးဂဏန်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် စာသားနေရာများသည် ပီပြင်ထင်ရှားသည့်အပြင် လက်ဖြင့် စမ်းသပ်ကြည့်ပါက ကြမ်းတမ်းမှုရှိကြောင်းတွေ့ရှိရပါသည်။ ငွေစက္ကူ နံပါတ်ကို မြန်မာအက္ခရာ မြန်မာဂဏန်းဖြင့် အလျားလိုက်၊ အင်္ဂလိပ်အက္ခရာ အင်္ဂလိပ်ဂဏန်းဖြင့် ဒေါင်လိုက်ရိုက်နှိပ်ထားပါသည်။ ။
ငွေစက္ကူ၏ မျက်နှာစာဘက်ရှိ ဘယ်/ညာ အစွန်းများတွင် အမြင်အာရုံအားနည်းသူများအတွက် လက်ဖြင့်ထိတွေ့စမ်းသပ်ကြည့်ပါက အာရုံခံသိရှိနိုင်သည့် ဖောင်းကြွလိုင်းတိုမျဉ်းကြောင်းငယ်(၁၁)ကြောင်းစီ ရိုက်နှိပ်ထားပါသည်။ ငွေစက္ကူ ပုံစံသစ်ကို အလင်းရောင်တွင် ထောင်ကြည့်ပါက ငွေစက္ကူ မျက်နှာစာဘက် ဗိုလ်ချုပ်ရုပ်ပုံ၏ လက်ဝဲဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံရေစာကို ရှင်းလင်းစွာတွေ့မြင်နိုင်ပါသည်။
လုံခြုံရေးကြိုးအား တစ်ဝက်ဖုံးတစ်ဝက်ပေါ်ဒေါင်လိုက်မြှုပ်ထားပြီး ရောင်ပြေးနည်းပညာများဖြင့် ပြုလုပ်ထားသည့်အတွက် ငွေစက္ကူ လှုပ်ရှားမှု ရှုထောင့်တိုင်းတွင် ရွှေရောင်မှအစိမ်းရောင်သို့ ထူးခြားစွာ ရုပ်လုံးကြွအရောင်ပြောင်းလဲမှုကို မြင်တွေ့နိုင်ပါသည်။ ငွေစက္ကူ မျက်နှာစာ၏ လက်ယာဘက်ရှိ မြန်မာစာသား “တစ်ထောင်ကျပ်”နံဘေးခဲရောင်ဧရိယာအား ၄၅ ဒီဂရီခန့် တိမ်းစောင်းကြည့်ပါက အင်္ဂလိပ်အက္ခရာ “CBM” များကို တွေ့မြင်နိုင်ပါသည်။ ငွေစက္ကူကိုတည့်တည့်ကြည့်ပါက မတွေ့နိုင်သော်လည်း တိမ်းစောင်း ကြည့်ပါက ငွေစက္ကူ၏ ကျောဘက်ခါးလယ်တွင် ဒေါင်လိုက်ရိုက်နှိပ်ထားသည့် ရွှေရောင်ကနုတ်ကွက်အား တွေ့မြင်နိုင်ပါသည်။
ဗိုလ်ချုပ်ရုပ်ပုံပါ ၁၀၀ဝိ/-တန် ငွေစက္ကူ ပုံစံသစ်အား ရုံးဖွင့်ရက်ဖြစ်သော (၇-၁-၂၀၂၀) ရက်နေ့မှစ၍ ဘဏ်များမှ ဖြန့်ဝေပေးသွားမည်ဖြစ်ပါသည်။ လက်ရှိသုံးစွဲလျက်ရှိသော ၁၀၀ဝိ/-တန် ငွေစက္ကူများသည်လည်း တရားဝင်ငွေအဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်ပါသည်။
သတင်းစဉ်