နေပြည်တော် ၇ ဇန်နဝါရီ
နေပြည်တော်၌ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂ ရက်မှ စတင်ပြသရောင်းချခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲသည် ယနေ့ညနေပိုင်းတွင် ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။
ယနေ့ပြပွဲ ဆဋ္ဌမနေ့ ကျင်းပသည့် နံနက်ပိုင်းမှစ၍ နေပြည်တော်မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း တင်ဒါအောင်မြင်သူများစာရင်း စောင့်မျှော်သူများဖြင့် စည်ကားလျက်ရှိသည်။
ယနေ့တွင် ကျောက်စိမ်းအတွဲအမှတ် (၂၅၀၁) မှ (၃၆၉၅) တွဲအထိ ကျောက်စိမ်းအတွဲ (၁၁၉၅) တွဲမှ တင်ဒါအောင်မြင်သူများစာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ မြန်မာငွေ ကျပ် ၁၇၀၇၃၆၈၇၀၆၀ တန်ဖိုးရှိ ကျောက်စိမ်းအတွဲ (၁၁၄၁) တွဲကို ရောင်းချခဲ့ရသည်။
ရတနာကုန်သည် ကိုရန်အောင်က “မဏိရတနာကျောက်စိမ်းဝင်းမှာ ကျင်းပတဲ့ ပြသရောင်းချပွဲတိုင်းမှာ လွတ်လွတ်လပ်လပ် ကြည့်ရှုလေ့လာခွင့်ရတယ်၊ ဝယ်ယူမယ့်သူ စိတ်ကြိုက်တင်ဒါတင်သွင်းလို့ရတယ်၊ အိတ်ဖွင့်တင်ဒါစနစ်ဖြစ်လို့လဲ စိတ်ချမ်းသာတယ်၊ ကျောက်စိမ်းအတွဲတွေရဲ့ ကြမ်းခင်းဈေးက ၁၀ သိန်းလို့ သတ်မှတ်ထားပေမယ့် တင်ဒါအောင်မြင်တဲ့ဈေးနှုန်းတွေကို လေ့လာကြည့်မယ်ဆိုရင် ယူရိုငွေနဲ့ ပြသရောင်းချပွဲတွေလိုပဲ ဈေးနှုန်းတွေမြင့်မြင့်မားမားနဲ့ ရောင်းချနေရတာကို တွေ့မြင်ရမှာဖြစ်ပါတယ်”ဟု ပြောသည်။
ညနေပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း အထွေထွေမန်နေဂျာ ဦးသက်ခိုင်၊ ဒုတိယအထွေထွေမန်နေဂျာ ဦးနိုင်ဇော်ဦး၊ ဒုတိယအထွေထွေမန်နေဂျာ ဦးလှအောင်၊ လက်ထောက်မန်နေဂျာ ဦးကျော်ဦးလွင်နှင့် မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးသောင်းကြည်တို့ ဦးဆောင်၍ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ သတင်းစာရှင်းလင်းပွဲကျင်းပပြုလုပ်ရာ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း အထွေထွေမန်နေဂျာ ဦးသက်ခိုင်က “မြန်မာကျပ်ငွေနဲ့ ပြသရောင်းချတဲ့ဒီပွဲကို ရတနာကုန်သည် ၂၀၂၃ ဦး တက်ရောက်ခဲ့ပါတယ်၊ ပြပွဲမှာ ကျောက်စိမ်းအတွဲ ၃၆၉၅ တွဲနဲ့ ကျောက်မျက်အတွဲ ၂၈၆ တွဲ ပြသခဲ့ပြီး မြန်မာငွေ ကျပ် သန်း ၅၉၄၅၉ ဒသမ ၈၀ တန်ဖိုးရှိတဲ့ ကျောက်စိမ်းအတွဲ ၃၄၉၁ တွဲနဲ့ ငွေကျပ်သန်း ၃၆ ဒသမ ၉၂ တန်ဖိုးရှိတဲ့ ကျောက်မျက်အတွဲ ၉ တွဲရောင်းချခဲ့ရပါတယ်”ဟု ရှင်းလင်းပြောကြားခဲ့သည်။
ယခုကျင်းပသည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့်ရောင်းချပွဲတွင် တန်ဖိုးအမြင့်ဆုံးအဖြစ် အလေးချိန် ၅၈၀ ကီလိုရှိ ကျောက်စိမ်းတွဲ အမှတ် ၁၄၆၉ ကို မြန်မာငွေကျပ်သိန်း ၅၈၀၀ ဖြင့် ရောင်းချခဲ့ရကြောင်း သိရသည်။
မင်းမင်းဇော်(ကလေးဝ)


