ဟားခါး ၁၂ ဇန်နဝါရီ    

           

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျရောက်မည့် (၇၂)နှစ်မြောက် ပြည်နယ်အဆင့် ချင်းအမျိုးသားနေ့အခမ်းအနားကို ထန်တလန်မြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

ချင်းအမျိုးသားနေ့အခမ်းအနားကို ချင်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်စေရေးအတွက် ရည်ရွယ်လျက် ဓလေ့ထုံးတမ်းစဉ်လာများနှင့်အညီ နှစ်စဉ်ကျင်းပလျက်ရှိရာ ၂၀၁၇ ခုနှစ် (၆၉)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ဖလမ်းမြို့၌လည်းကောင်း၊ ၂၀၁၈ ခုနှစ် နှစ်(၇၀)ပြည့်နှင့် ၂၀၁၉ ခုနှစ် (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ဟားခါးမြို့၌လည်းကောင်း ကျင်းပခဲ့ပြီးဖြစ်သည်။

 

ချင်းတိုင်းရင်းသားတို့၏ အမြတ်တနိုးတန်ဖိုးထားသည့် ၂၀၂၀ ပြည့်နှစ် ထန်တလန်မြို့၌ ကျင်းပမည့် ချင်းအမျိုးသားနေ့တွင် ရှေးအစဉ်အဆက် နေထိုင်လာခဲ့ကြသော ချင်းလူမျိုးတို့၏ အဆင့်ဆင့် ပြောင်းလဲလာခဲ့သည့် လူနေမှုဘဝ၊ ရိုးရာဝတ်စားဆင်ယင်မှုများကို ပြည်နယ်အဆင့် ဌာနဆိုင်ရာအသီးသီးက ပြခန်းများခင်းကျင်းပြသခြင်း၊ ချင်းတိုင်းရင်းသားမျိုးနွယ်စုများ၏ မတူညီသော ရိုးရာယဉ်ကျေးမှု အကပဒေသာများ၊ ရိုးရာဝတ်စားဆင်ယင်မှု ပြိုင်ပွဲများ၊ ရိုးရာတေးသရုပ်ဖော် အကများဖြင့် ကျင်းပသွားမည်ဖြစ်သည်။

 

ထို့ပြင် ညပိုင်းတွင် စင်တင်တေးဂီတအဖွဲ့များမှ ခေတ်ပေါ်တေးသီချင်း သီဆိုဖျော်ဖြေ တင်ဆက်မှုများ၊ ရိုးရာစားသောက်ဆိုင်များ၊ ရိုးရာအဝတ်အထည်နှင့် ရိုးရာနပန်းပြိုင်ပွဲနှင့် အခြားအားကစားပြိုင်ပွဲ စသည့် ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းစီစဉ်ထားရှိပြီး အနယ်နယ်အရပ်ရပ်ရှိ အထူးပုဂ္ဂိုလ်များကိုလည်း ဖိတ်ကြားမည်ဖြစ်ကာ ချင်းအမျိုးသားများ၏ သမိုင်းဝင်နေ့ထူးနေ့မြတ်ဖြစ်သည့် ချင်းအမျိုးသားနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)