နေပြည်တော် ၅  အောက်တိုဘာ 

 

၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

 

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယနေ့ အောက်တိုဘာလ ၅ ရက်နေ့သည် ကမ္ဘာတစ်ဝန်းလုံးတွင် ဆရာများကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုသည့် ကမ္ဘာ့ဆရာများနေ့ဖြစ်ပါကြောင်း၊ သင်ဆရာ မြင်ဆရာ ကြားဆရာများ အားလုံးတို့အား ရိုသေစွာ ဂါရဝပြုအပ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပညာရေးဖွံ့ဖြိုးမှုအပေါ် တည်မှီလျက်ရှိပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍ အရည်အသွေး မြင့်မားလာအောင်၊ လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်လာအောင် အဓိကစွမ်းဆောင်ပေး နိုင်သည့် ပုဂ္ဂိုလ်များသည် ကျွမ်းကျင်မှု၊ အသိပညာ၊ အတတ်ပညာ, IQ, EQ များအတွက် မည်သို့ တစ်သက်တာ သင်ယူရမည်ဆိုသည်ကို ဖြန့်ဝေပေးနေကြသည့် မြတ်ဆရာများပင် ဖြစ်ပါကြောင်း၊ ဆရာများသည် နိုင်ငံတစ်နိုင်ငံ အတွက် အရည်အသွေးပြည့်ဝသည့် လူငယ်များကို မွေးထုတ်ပေးရုံသာမက ကမ္ဘာတစ်ဝန်းမှာပင်ဖြစ်ဖြစ်၊ နိုင်ငံတစ်နိုင်ငံမှာပင်ဖြစ်ဖြစ် အခက်အခဲ အကြပ်အတည်းများ၊ ကပ်ဘေးဒုက္ခများနှင့် ကြုံတွေ့ရသည့် အခါတွင်လည်း အသိပညာဖြန့်ဝေ ပူးပေါင်းဆောင်ရွက်ပြီး ယင်းအခက်အခဲများ၊ ဘေးဒုက္ခများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် ဦးဆောင်မှုပေးကြသူများလည်း ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် ဆရာများသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ကို ပုံဖော်ပေးနေကြသူများပင် ဖြစ်ပါကြောင်း။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးက ဆရာများကို ဂုဏ်ပြုသည့်အနေဖြင့် ကမ္ဘာတစ်ဝန်းတွင် အောက်တိုဘာလ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ခြင်း ဖြစ်ပါကြောင်း။

 

ယနေ့ကမ္ဘာကြီးတွင် စီးပွားရေးအားပြိုင်မှုများ၊ တစ်ဟုန်ထိုး တိုးတက်ပြောင်းလဲလာသည့် နည်းပညာများ၊ ရာသီဥတု ပြောင်းလဲမှုများ၊ မသေချာ မရေရာမှုများနှင့် သဘာဝဘေးအန္တရာယ်များ စသည့်စိန်ခေါ်မှုကို ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ ပို၍ဆိုးရွားသော စိန်ခေါ်မှုကြီးသည် စီးပွားရေးနှင့် လူ့အဖွဲ့အစည်း များအပေါ် ကြီးမားသည့် ဖိစီးမှုများကျရောက်စေသည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဘေး အကျပ်အတည်းကြီး ဖြစ်ပါကြောင်း၊ ၂ဝ၁၉ ခုနှစ်ကုန်ပိုင်းလောက်က စတင်ခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါသည် ယခု ၂ဝ၂ဝ ပြည့်နှစ် တစ်နှစ်လုံးတွင် အလုပ်အကိုင်နှင့် သက်မွေးဝမ်းကျောင်းလုပ်ငန်း ဆုံးရှုံးမှုများ၊ ဆင်းရဲနွမ်းပါးမှုများကို ဆိုးဆိုးရွားရွား ဖြစ်ပေါ်စေခဲ့ပါကြောင်း၊ ပညာရေးကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်းကြီးမားသည့် အဟန့်အတား ဖြစ်စေခဲ့ပါ ကြောင်း၊ ကပ်ရောဂါဆိုးကြီး စတင်ခဲ့ပြီး ကိုးလကြာ ကာလအတွင်း ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၃၅ သန်းကျော်ရှိလာကာ ရောဂါပိုးရှိပြီး ပိုးတွေ့လူနာ သေဆုံးသူဦးရေ တစ်သန်းကျော်ရှိလာခဲ့ပြီ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ဓာတ်ခွဲအတည်ပြုလူနာ (၁၇၇၉၄) ဦးရှိလာ၍ သေဆုံးသူ (၄၁၂)ဦး ရှိပါကြောင်း၊ ယခုလို ကမ္ဘာကြီးကို စိန်ခေါ်နေသည့် ကပ်ရောဂါဘေးဆိုးကြီးကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံတို့က စုစည်းညီညွတ်သည့် မိသားစုစိတ်ဓာတ်ဖြင့် ကျော်လွှားနိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီး၏ အထူးအေဂျင်စီကြီးများဖြစ်သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့-ယူနက်စကို (UNESCO)၊ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာကလေးများ ရန်ုပုံငွေအဖွဲ့ (UNICEF)၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) စသည့် အဖွဲ့အစည်းအသီးသီးကလည်း မိမိတို့နှင့်သက်ဆိုင်သည့် ကဏ္ဍကနေပြီး ကပ်ဘေးဆိုးကြီးကို ကျော်လွှားနိုင်ရန် အစွမ်းကုန် ကြိုးပမ်းလျက်ရှိကြပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ကျန်းမာရေး၊ နည်းပညာ၊ ဝိဇ္ဇာသိပ္ပံ၊ နည်းပညာနှင့် သက်မွေး၊ အခြေခံပညာ စသည့် နယ်ပယ်အသီးသီးက ဆရာများ၏ ဦးဆောင်မှုဖြင့် ကပ်ဘေးများကို ကျော်လွှားပြီး အနာဂတ်ကို ပုံဖော်တည်ဆောက်ကြရမည် ဖြစ်ပါကြောင်း၊ ယခုလိုအခြေအနေ အချိန်အခါတွင် ကပ်ဘေးရန်ကို ကျော်လွှားပြီး အနာဂတ်နိုင်ငံတော်ကို ပုံဖော်ကြရမည့် ဆရာများ၏ အခန်းကဏ္ဍကို မြှင့်တင်သည့်အနေဖြင့် "ဦးဆောင်ကျော်လွှား ကပ်ဘေးများ၊ အနာဂတ်ပုံဖော်ဆရာများ" (Teachers: Leading in crisis, reimagining the future) ဆိုသည့် ဆောင်ပုဒ်သည် ယခုနှစ် ကမ္ဘာ့ဆရာများနေ့၏ ဆောင်ပုဒ်အဖြစ် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါကြောင်း။

 

လူ့ဘောင်လောကအတွင်း အချိန်အခါ နေရာဒေသမရွေး ဆရာအတတ် ဆရာအလုပ်နှင့် အသက်မွေးဝမ်းကျောင်း ပြုရခြင်းသည် သမ္မာအာဇီဝဖြစ်ပြီး အင်မတန် မွန်မြတ်သည့် ဂုဏ်တစ်ရပ်ဖြစ်ပါကြောင်း၊ မြန်မာ့လူဘောင်တွင်လည်း မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံအရ "သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ" ဟူ၍ရှိပြီး ဆရာဟူသမျှကို အစဉ်လေးစား ကြည်ညို၊ ရိုသေ ကိုင်းရှိုင်းကြခြင်းဖြစ်ပါကြောင်း၊ ဆရာများကို အနန္တောအနန္တဂိုဏ်းဝင် ကျေးဇူးရှင်အဖြစ် တန်းတူတန်ဖိုးထား လေးစားသတ်မှတ်ထားကြခြင်း ဖြစ်ပါကြောင်း၊ ဆရာများသည် အများ၏ စံပြုထိုက်သူ၊ အများကို ဦးစီးဦးဆောင် ပြုနိုင်သူများအဖြစ် အသိအမှတ်ပြုထားကြပါကြောင်း။

 

ကပ်ဘေးများကျော်လွှားပြီး အနာဂတ်နိုင်ငံတော်ကို အဘက်ဘက်က ပြန်လည်တည်ဆောက်ကြရာတွင် ပညာရေးသည် အရေးပါသည့် အခန်းကဏ္ဍကရှိနေမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အနာဂတ်ကို ပုံဖော်ကြမည့် ဆရာများသည် ကျန်းမာရေးကောင်းမွန်ပြီး ပညာရည်၊ နှလုံးရည် ပြည့်ဝနေရန် လိုအပ်ပါကြောင်း၊ ပညာရေးတွင် ဆရာများ၏ အရေးကြီးပုံနှင့်ပတ်သတ်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က-

 

"ပညာရေးလုပ်ငန်းရဲ့ သော့ချက်အကျဆုံးနေရာမှာ ရှိသူများကတော့ 'ဆရာ' များ ဖြစ်ပါတယ်။ ဆရာတွေဆိုတာ ပညာပြည့်ဝနှလုံးလှဖို့ လိုပါတယ်။ ပညာဆိုတာ လက်ဆင့်ကမ်းတဲ့အရာ ဖြစ်ပါတယ်။ လက်ဆင့်ကမ်းရာမှာ ဦးနှောက်နဲ့ရော၊ နှလုံးသားနဲ့ပါ လက်ဆင့်ကမ်းဖို့ လိုပါတယ်။ ကိုယ့်ရဲ့အရည်အသွေးကို ပြည့်ဝအောင် တစ်သက်တာ သင်ယူကြိုးစားပြီး ကိုယ်ရဲ့တပည့်တွေကို ကိုယ့်ထက်သာတဲ့သူတွေဖြစ်အောင် လုပ်နိုင်စွမ်း ရှိစေချင်ပါတယ်။ ဆရာစားမချန်ပါနဲ့။ တကယ့်သိက္ခာရှိတဲ့ ဂုဏ်ရှိတဲ့ဆရာတွေဆိုတာ မိမိတို့ထက်ပိုတော်တဲ့ တပည့်တွေကို မွေးထုတ်ပေးနိုင်တဲ့ ဆရာ ဆရာမတွေပဲ ဖြစ်ပါတယ်။ ပညာရေးစီမံခန့်ခွဲသူတွေနဲ့ ဆရာဆရာမတွေဟာ ဦးဆောင် လမ်းပြနိုင်မှု အရည်အသွေး၊ စီမံခန့်ခွဲမှု အရည်အသွေး ပြည့်ဝနေဖို့လည်း အစဉ်ကြိုးစားစေချင်ပါတယ်"ဟု ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် ပညာရေးဝန်ကြီးဌာန ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ  (အခြေခံပညာကဏ္ဍ) တွင်မိန့်ကြားခဲ့ပါကြောင်း။

 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာပေါ်တွင် ပညာသင်ယူနေကြသည့် ကျောင်းသူ ကျောင်းသား စုစုပေါင်း ၁ ဒသမ ၆ ဘီလီယံနှင့် အခြေခံပညာ ဆရာမ ဆရာ စုစုပေါင်း ၆၃ သန်းတို့ကို ထိခိုက်နစ်နာစေပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ဘေးအလွန်ကာလ နိုင်ငံတော်၏အနာဂတ်သည် ပညာရေးအရည်အသွေး ထိန်းသိမ်းမြှင့်တင်ပြီး အရည်အသွေး ပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးမည့် ဆရာများအပေါ်တွင်များစွာ မူတည်နေပါကြောင်း၊ ဆရာများသည် အတန်းတွင်းမှာသာမက စာသင်ခန်းပြင်ပ ကျောင်းပြင်ပမှာပါ လူငယ်လူရွယ်များကို အသိပညာပေး မည့်သူ၊ ဦးဆောင်လမ်းပြမည့်သူ ဖြစ်နေရန်လိုပါကြောင်း၊ ဆရာများသည် လူ့အဖွဲ့အစည်းတစ်ခုလုံး၏ စံနမူနာပြ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်နှင့်အမျှ လူ့အဖွဲ့အစည်းသည် ဆရာ၏ဦးဆောင်လမ်းညွှန်မှုကို တန်ဖိုးထားလေးစား အသိအမှတ်ပြုခံယူမည် ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံ၏အနာဂတ်ကို ပုံဖော်ရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးကဏ္ဍ တိုးတက်မြင့်မားရေး အထူးအစီအစဉ်များကို ချမှတ်ပြီး အလေးပေးလုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့်  ပညာရေးတွင် မည်သည့်ခွဲခြားမှုမျှ မရှိစေရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရေး၊ ကျောင်းထွက်သူ ပပျောက်ရေးနှင့် သင်ယူမှု မဆုံးရှုံးစေရေးတို့ကို မူဝါဒများ ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် ကျောင်းသားများ၏ စဉ်ဆက်မပြတ် သင်ယူမှု အခွင့်အလမ်းများကို ပံ့ပိုးပေးနိုင်ရန်အတွက် ကာလဒေသ အခြေအနေ လိုက်လျောညီထွေရှိသည့် သင်ယူမှု နည်းလမ်းများ (Face-to-face learning, online learning, offline learning, blended learning) ကို အလေးပေး ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊  ဆောင်ရွက်ရာတွင် ရုပ်မြင်သံကြား သင်ခန်းစာများကို ပညာရေးဝန်ကြီးဌာန ၏ ပညာရေးအစီအစဉ် (Education Channel) မှလည်းကောင်း၊ အွန်လိုင်းသင်ခန်းစာများကို မြန်မာဒီဂျစ်တယ် ပညာရေးပလက်ဖောင်း (Myanmar Digital Education Platform) မှလည်းကောင်း၊ အင်တာနက် မရနိုင်သည့် ကျောင်းသားများအတွက် DBE Boxes များနှင့်လည်းကောင်း စဉ်ဆက်မပြတ် သင်ယူနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယင်းအပြင် နိုင်ငံပိုင်ရုပ်သံဌာနဖြစ်သည့် မြန်မာ့ရုပ်မြင်သံကြား (MRTV)၊ မြန်မာ့အသံနှင့် ပုဂ္ဂလိက ရုပ်မြင်သံကြား အစီအစဉ်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုလိုဆောင်ရွက်ရာတွင် သင်ကြားပို့ချပေးကြမည့် ဆရာများသည် အဓိက အခန်းကဏ္ဍက ပါဝင်နေမည်ဖြစ်ပါကြောင်း။

 

အနာဂတ်တွင် ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ အေးချမ်းတည်ငြိမ်ပြီး သာယာဝပြောသည့် နိုင်ငံတော်ကို တည်ဆောက်ရာတွင် ကျောင်းသားလူငယ်များ ၂၁ ရာစု ကျွမ်းကျင်မှုဆိုင်ရာ အရည်အသွေးများ ရရှိအောင် စုပေါင်း တာဝန်ယူ တာဝန်ခံပြီး အခက်အခဲများဖြေရှင်း၍ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် စုပေါင်းအားနှင့် ရုန်းကြရမည် ဖြစ်ပါကြောင်း၊ လူငယ်များ အလုပ်အကိုင်ကောင်းများရရှိရေး၊ ပြည်တွင်းပြည်ပ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် လူငယ်များ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်များ နည်းပညာဖွံ့ဖြိုးတိုးတက်မှုများ၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်မည့် စွမ်းရည်များ ရှိစေရေး၊ အခြေခံပညာ၊ နည်းပညာနှင့် သက်မွေးပညာနှင့် လေ့ကျင့်ရေး၊ အဆင့်မြင့်ပညာ စသည့် ပညာရေးကဏ္ဍ အသီးသီးကို အားဖြည့်မြှင့်တင်ရေးတို့တွင် ဆရာများသည် အရေးအကြီးဆုံး ပုဂ္ဂိုလ်များဖြစ်ကြောင်း ကို ပြောကြားလိုပါကြောင်း။

 

ဆရာများသည် ကျေးဇူးတင်ထိုက်သော ထာဝရဆရာများအဖြစ် တပည့်များ၊ ပညာရေးဝန်ထမ်းများ၊ ပြည်သူများ အားလုံးက တန်ဖိုးထားလေးစား အသိအမှတ်ပြုပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း နှစ်စဉ် ကမ္ဘာ့ဆရာ များနေ့တွင် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ် ဆရာမကြီး ဆရာကြီးများ၊ ခွင့်ရက်မပျက် ဆရာမများကို ဂုဏ်ပြုချီးမြှင့် လျက်ရှိရာ ယခုနှစ်တွင်လည်း ကိုဗစ်အခြေအနေအရ အွန်လိုင်းမှ အသိအမှတ်ပြုကြေညာ၍ ပေးအပ်ချီးမြှင့်သွားရန် စီစဉ်ဆောင်ရွက်ထားပါကြောင်း၊ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ် ဆရာမကြီး ဆရာကြီး (၁၄) ဦး၊ ခွင့်ရက်မပျက် ဆရာမ (၆) ဦး၊ ၂၀၁၉ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ နိုင်ငံတော်၏ လိုအပ်ချက်အရ စစ်တွေတက္ကသိုလ်နှင့် တောင်ကုတ်တက္ကသိုလ် တို့တွင် အဝေးသင်တက္ကသိုလ် အနီးကပ်သင်တန်းပို့ချခြင်း၊ စာမေးပွဲလုပ်ငန်း၊ အောင်စာရင်းလုပ်ငန်းများအတွက် အခက်အခဲများကြားက စွမ်းစွမ်းတမံ သွားရောက်တာဝန်ထမ်းခဲ့ကြသည့် ဒေသအသီးသီးမှ တက္ကသိုလ်ဆရာမ ဆရာ စုစုပေါင်း(၅၅)ဦးတို့ကိုလည်း အွန်လိုင်းမှ အသိအမှတ်ပြုကြေညာ၍ ပေးအပ်ချီးမြှင့်သွားရန် စီစဉ်ဆောင်ရွက် ထားသည်ကို အသိပေးအပ်ပါကြောင်း။

 

မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနသည် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) ၏ ရည်မှန်းချက် ပန်းတိုင်နှင့် မဟာဗျူဟာမြောက် အပြောင်းအလဲ (၉)ရပ်ဖြစ်သည့် (၁) မူကြိုနှင့် သူငယ်တန်းပညာရေး၊ (၂) အခြေခံပညာရေး အခွင့်အလမ်း၊ အရည်အသွေးနှင့် လူတိုင်းအကျုံးဝင်မှု၊ (၃) အခြေခံပညာ သင်ရိုးညွှန်းတမ်း၊ (၄) ပညာရည် စစ်ဆေးအကဲဖြတ်ခြင်းနှင့် စာမေးပွဲများကျင်းပခြင်း၊ (၅) ဆရာအတတ်ပညာရေးနှင့် စီမံခန့်ခွဲမှု၊ (၆) ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး၊ (၇)နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး၊ (၈) အဆင့်မြင့် ပညာရေးနှင့် (၉) စီမံခန့်ခွဲမှု၊ စွမ်းဆောင်ရည်မြှင့်တင်မှုနှင့် အရည်အသွေးအာမခံမှုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံပညာကဏ္ဍတွင် ဆရာများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက် အညွှန်းဘောင်ကို ပြုစုရေးဆွဲခဲ့ပြီး အညွှန်းဘောင်၏ ပညာရပ်နယ်ပယ် (၄)ခုဖြစ်သည့် (က) ဆရာအတတ် ပညာဆိုင်ရာ အသိပညာနှင့် နားလည်သဘောပေါက်မှု၊ (ခ) ဆရာအတတ် ပညာဆိုင်ရာကျွမ်းကျင်မှုများနှင့် လက်တွေ့ကျင့်သုံးမှုများ၊ (ဂ) ဆရာအတတ်ပညာဆိုင်ရာ တန်ဖိုးထားမှုနှင့် သဘောထားခံယူချက်များနှင့် (ဃ) ဆရာအတတ်ပညာဆိုင်ရာ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်မှုဟူ၍ နယ်ပယ် (၄)ရပ်ကို ဆက်လက်အကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆရာ့အတတ်ပညာရေးနှင့် စီမံခန့်ခွဲမှုကဏ္ဍတွင် ပညာရေးကောလိပ် (၂၅) ကျောင်းအား (၂)နှစ်သင်ပညာရေးကောလိပ်မှ (၄)နှစ်သင်ပညာရေး အထူးပြုဘွဲ့ပေးအပ်သော ပညာရေး ဒီဂရီကောလိပ်များအဖြစ်  အဆင့်တိုးမြှင့်နိုင်ခဲ့ပါကြောင်း၊ ပုံမှန်ရာထူးတိုး အခွင့်အလမ်းများဖြစ်သည့် ပညာအရည်အချင်းနှင့် ဆန္ဒပြုမှုများအရ သတ်မှတ်ချက်ကိုက်ညီသည့် မူလတန်းပြများသည် အလယ်တန်းပြ ရာထူးတိုးလျှောက်ထားနိုင်သလို၊  သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသည့် အလယ်တန်းပြများသည် အထက်တန်းပြရာထူးတိုး လျှောက်ထားနိုင်သည့်အပြင် မူလတန်းပညာရေး၊ အလယ်တန်း ပညာရေးများတွင်လည်း ရာထူးတိုးအခွင့်အလမ်းများ ပညာအရည်အချင်းအရ ပိုမိုရွေးချယ်ပိုင်ခွင့် ရှိလာမည်ဖြစ်ပါကြောင်း။

 

ဘဝတစ်သက်တာတွင် စေတနာ၊ ဝါသနာ၊ အနစ်နာသာမက မေတ္တာ၊ ကရုဏာ အပြည့်ဖြင့် တပည့်များကို သင်ကြား ပို့ချပေးခဲ့ကြပြီး အငြိမ်းစားယူသွားကြသည့် ဆရာကြီး ဆရာမကြီးများ၊ မိမိတို့တာဝန်ထမ်းရာ ဒေသများတွင် ပညာရေးတာဝန်များကို အခက်အခဲအမျိုးမျိုးကြားက စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်နေကြသည့် ဆရာ ဆရာမများအားလုံး ကပ်ဘေးအန္တရာယ် ကင်းဝေး၍ ကျန်းမာလုံခြုံမှုရှိကြပါစေ၊ အခက်အခဲများကို ကျော်လွှားပြီး အောင်မြင်မှုများ ဆွတ်ခူးနိုင်ကြပါစေ၊ နှလုံးစိတ်ဝမ်းအေးချမ်းပြီး နိုင်ငံတော်ဖွံ့ဖြိုးရေး လုပ်ငန်းအသီးသီးတွင် မိမိတို့ကျရာ အခန်းကဏ္ဍက ပါဝင်အကျိုးပြုနိုင်ကြပါစေ၊ နိုင်ငံတော်နှင့် ပြည်သူများက ကျေးဇူးတင်တန်ဖိုးထား လေးစားခံရသူများဖြစ်ကြပါစေဟု ဆန္ဒပြုပါကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံယူနက်စကို အမျိုးသားကော်မရှင် အတွင်းရေးမှူးချုပ် ဒေါက်တာကြည်ရွှင် က ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့ ငါးဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို ဖတ်ကြားပြီး မြန်မာနိုင်ငံ ဆရာများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာစိုင်းခိုင်မျိုးထွန်းက မြန်မာနိုင်ငံဆရာများအဖွဲ့ချုပ်၏ သဝဏ်လွှာကို ဖတ်ကြားသည်။

 

ဆက်လက်၍ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီး (၁၄) ဦး၏ ဆောင်ရွက်မှုအကျဉ်းချုပ်၊ (၂၅) နှစ်နှင့်အထက် ကျောင်းတက်မပျက်သော ဆရာမ (၆)ဦးနှင့် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၊ မောင်တောမြို့၊ သံတွဲမြို့နှင့် သက္ကယ်ပြင်တို့တွင် အဝေးသင် အနီးကပ်သင်တန်းပို့ချခြင်းနှင့် စာမေးပွဲအောင်စာရင်း လုပ်ငန်းများ အတွက် အခက်အခဲများကြားက စွမ်းစွမ်းတမံ သွားရောက် တာဝန်ထမ်းဆောင်ခဲ့သော ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ (၅၅) ဦး၏ အမည်များကို တင်ပြသည်။ 

 

ယင်းနောက် ဆရာများ အတွက် စံသတ်မှတ်ချက် အညွှန်းဘောင်ဆိုင်ရာ “ရှေ့ဆက် တက်လှမ်း အနာဂတ်လမ်း ပံ့ပိုးကူညီလက်တွဲမည်” ဗီဒီယိုပြသခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်