နေပြည်တော် ၁၁ ဇူလိုင်
၂၀၂၀ ပြည့်နှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်း ဝန်များ၊ ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA)မှ ဒုတိယဌာနေကိုယ်စားလှယ် Ms. Nelida Rodrigues နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ကမ္ဘာ့နိုင်ငံအသီးသီး၌ အရေးကြီး ဦးစားပေးဖြေရှင်းရမည့် လူဦးရေနှင့် ဆက်နွယ်ပက်သက် နေသည့်အကြောင်းအရာများကို ဂရုပြုအာရုံစိုက်မိလာစေရန်နှင့် အလေးထားအကောင်အထည် ဖော်ဆောင်ရွက်လာစေရန် ရည်ရွယ်ပြီး နှစ်စဉ်ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပဆောင် ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်များကို နှစ်စဉ်ချမှတ်ဆောင်ရွက်ခဲ့ရာ ယခု ၂၀၂၀ ပြည့်နှစ်၊ ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်သည် ကိုဗစ်-၁၉ ကာလမှာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ကျန်းမာရေးနှင့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာ့နိုင်ငံအသီးသီး၏ ကျန်းမာရေး၊ လူမှုရေး ၊ စီးပွားရေး အခြေအနေများကိုများစွာ ထိခိုက်စေပြီး တစ်နိုင်ငံနှင့် တစ်နိုင်ငံကူးလူး ဆက်သွယ်သွားလာမှုများကို ရပ်တန့်စေသကဲ့သို့ အပြန်အလှန်ချိတ်ဆက် ထောက်ပံ့မှုများကိုလည်း ပြတ်တောက်စေခဲ့ပါကြောင်း၊ ကမ္ဘာ့နိုင်ငံ အစိုးရများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို အရေးပေါ်ကိုင်တွယ်ဖြေရှင်း နေရခြင်းကြောင့် သားဆက်ခြားနှင့် မျိုးဆက်ပြန့်ပွား ကျန်းမာရေးဝန်ဆောင်မှုများကို အလေးထားဆောင်ရွက်မှုများ လျော့ကျလာပါကြောင်း။
ကုလသမဂ္ဂ၏ သုတေသနပြု ဖော်ထုတ်ချက်များအရ ယခုကာလတွင် လိုအပ်သည့် ခေတ်မီ သားဆက်ခြားဆေးဝါးများ အချိန်မီမရရှိနိုင်သည့်အတွက် အမျိုးသမီး (၇) သန်းခန့်မှာ မမျှော်လင့်ဘဲ ကိုယ်ဝန်ဆောင်မှုများ ဖြစ်ပေါ်နိုင်ကြောင်း၊ အိမ်အပြင် မထွက်ရ တားမြစ်ချက်များကြောင့်လည်း လူဦးရေ (၃၁) သန်းခန့်မှာ ကျား/မ အခြေပြု အကြမ်းဖက်မှုများ ကြုံတွေ့လာရနိုင်ကြောင်း၊ ကမ္ဘာတစ်ဝန်း အတည်တကျမရှိသည့် လုပ်သားဈေးကွက်တွင် အလုပ်လုပ်နေသော အမျိုးသမီးများ၏ (၆၀) ရာခိုင်နှုန်းမှာ ဆင်းရဲနွမ်းပါးမှုနှင့် ရင်ဆိုင်ကြုံ တွေ့ရနိုင်ကြောင်းစသည်တို့ကို မီးမောင်းထိုးဖော်ပြနေပါကြောင်း၊ ထို့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပါက သက်ကြီး ရွယ်အိုများ၊ ကလေးသူငယ်များ ၊ နာတာရှည်ရောဂါ ရှိသူများနှင့် ကိုယ်ဝန် ဆောင်မိခင်များသည် အသက်ဆုံးရှုံးနိုင်ခြေ အလွန်များကြောင်းကိုလည်း တွေ့ရှိရပါကြောင်း၊ ၂၀၁၄ ခုနှစ် ၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်းနှင့် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း တွေ့ရှိချက်များအရ မြန်မာနိုင်ငံတွင် ကလေးမွေးဖွားနှုန်းနှင့် သေဆုံးနှုန်းများ ကျဆင်းနေပြီး လူဦးရေဖွဲ့စည်းမှုပုံစံ ပြောင်းလဲနေသည်ကို တွေ့ရပါကြောင်း၊ နိုင်ငံ့လူဦးရေတွင် ကလေးပါဝင်မှု အချိုးအစား လျော့ကျသွားပြီး သက်ကြီးရွယ်အို ပါဝင်မှုအချိုးအစား သိသာစွာ မြင့်တက်လာတာ ကိုလည်း တွေ့ရပါကြောင်း၊ မြန်မာနိုင်ငံတွင် အသက် (၆၀)နှင့်အထက် သက်ကြီးရွယ်အို ရာခိုင်နှုန်းသည် ၂၀၁၄ ခုနှစ်တွင် (၈ ဒသမ ၉) ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် (၁၀ ဒသမ ၁) ရာခိုင်နှုန်း အထိ မြင့်တက်လာသည်ကို တွေ့ရှိရပါကြောင်း၊ အမျိုးသားများ သေဆုံးမှုမြင့်မားခြင်းနှင့် ပြည်ပ သို့ရွှေ့ပြောင်းနှုန်း မြင့်မားခြင်းတို့ကြောင့်လည်း မြန်မာနိုင်ငံတွင် အမျိုးသမီးဦးရေ သိသာစွာ ပိုများနေတာကို တွေ့ရပါကြောင်း။
လွန်ခဲ့သော ဆယ်စုနှစ်ကာလများတွင် မွေးဖွားနှုန်းမြင့်မားခဲ့မှုကြောင့် ယနေ့မြန်မာနိုင်ငံသည် "လူဦးရေဆုလာဘ်" ဟုခေါ်သည့် လူ့စွမ်းအားအရင်းအမြစ် ပေါများသည့် ကာလကို ရောက်ရှိ နေချိန်ဖြစ်ပါကြောင်း၊ ယင်းကာလတွင် လုပ်သားအင်အားထုအတွင်း ဝင်ရောက်လာမည့် လူငယ်များအား ပညာရေးအခွင့်အလမ်း၊ ကျွမ်းကျင်သင်တန်းများနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဆိုပါက ပြည်သူအားလုံး၏ လူမှုဘဝမြင့်မားရေးကို အထောက်အကူပြုစေမည် ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ ဖန်တီးမပေးနိုင်ပါက အဆိုပါ လူဦးရေဆုလာဘ်သည် အလုပ်အကိုင်ရှားပါးမှုနှင့် လူမှုလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင် ကြုံတွေ့နိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသမီးများ၏ လုပ်သားအင်အားပါဝင်မှုမှာ အလုပ်လုပ်နိုင်သည့် အမျိုးသမီး (၁၀၀) တွင် (၅၀) ခန့်သာ အလုပ်လုပ်နေခြင်းကြောင့် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ၎င်းတို့လုပ်အားကို အပြည့်အဝ အသုံးမချနိုင်သေးသည်ကို တွေ့ရပါကြောင်း။
ထို့ပြင် မိသားစုလုပ်ငန်းများတွင် လုပ်ကိုင်နေကြသူ ၊ အလုပ်အကိုင် အမျိုးအစား ခွဲခြားမဖော်ပြနိုင်သည့် လုပ်ငန်းများတွင် လုပ်ကိုင်နေကြသူအများစုသည်လည်း အမျိုးသမီးများ ဖြစ်ကြောင်းကို တွေ့ရှိရပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ ခန့်မှန်းချက်အရ ကိုဗစ်-၁၉ သည် ကာလကြာရှည်စွာ ဆက်လက်တည်ရှိနေမည်ဖြစ်ခြင်းကြောင့် မိမိနိုင်ငံ၏ လက်ရှိလူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ အနေအထားများအပေါ် ရေရှည်အကျိုးသက်ရောက်နိုင်မှုများကို ကြိုတင်ခန့်မှန်း တွက်ချက်ထားရန်လိုပါကြောင်း၊ ကိုဗစ်-၁၉ ကြောင့် သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါသည်များကို ထိခိုက်နိုင်မှု အနည်းဆုံးဖြစ်အောင် ပြင်ဆင်ထားရန်လည်း လိုအပ်ပါကြောင်း၊ အလားတူ အမျိုးသမီးများ၏ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ လိုအပ်ချက် များကိုလည်း ပြတ်တောက်သွားမှုမရှိအောင် စီစဉ်ဆောင်ရွက်ထားရန် လိုအပ်သကဲ့သို့ အမျိုးသမီးများအတွက် မျိုးဆက် ပွားကျန်းမာရေးနှင့် အခွင့်အရေးဆိုင်ရာ အသိပညာပေးမှုများ တိုးမြှင့် လုပ်ဆောင်သွားရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် လူဦးရေဆုလာဘ်ရရှိနေချိန် တိုးပွားလာသည့် လူငယ်လူရွယ်များ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် ကိုဗစ်-၁၉ ကာလတွင် ဆုံးရှုံးသွားသော အလုပ်အကိုင်အခွင့်အလမ်းများအတွက် ပြန်လည်ကုစားရေး အစီအစဉ်များကိုလည်း ကြိုတင်ပြင်ဆင်ထားရန်လိုအပ်နေပြီဖြစ်ပါကြောင်း။
ထို့ပြင် ကိုဗစ်-၁၉ ကြောင့် နိုင်ငံရပ်ခြားတွင် အလုပ်သွားရောက်လုပ်ကိုင်နေသော ရွှေ့ပြောင်း လုပ်သားများစွာသည်လည်း မိမိတို့နိုင်ငံသို့ ပြန်လည်ဝင်ရောက်လာခြင်းကြောင့် အလုပ်အကိုင်များ ပိုမိုရှားပါးလာနိုင်ပါကြောင်း၊ အလုပ်အကိုင်ရှားပါးခြင်း၊ အလုပ်မရှိခြင်းများကြောင့် စိတ်ဖိစီးမှုများ ဖြစ်ပေါ်ကာ စိတ်တိုလွယ်ခြင်းများဖြစ်ပေါ်နိုင်ပြီး အိမ်တွင်း အကြမ်းဖက်မှုများ ကြုံတွေ့လာနိုင်ခြင်းကြောင့် စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ ဝန်ဆောင်မှုပေးသည့် လုပ်ငန်းစဉ်များသည်လည်း အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါကြောင်း။
မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ တားဆီးတုန့်ပြန်ရေး ဆောင်ရွက် ချက်အနေဖြင့် အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်များမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်ဝင်လာသူများအတွက် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များကို လည်းကောင်း၊ စက်ရုံ အလုပ်ရုံများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၌ လုပ်ငန်းများဆောင်ရွက် ရာတွင်လည်း ကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ တိကျစွာလိုက်နာ အကောင်အထည် ဖော်နိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ အလားတူ လူမှုဖူလုံရေး ဥပဒေအရ အကျုံးဝင်သော စက်ရုံ ၊ အလုပ်ရုံများရှိ အလုပ်သမားများအတွက် လူမှုဖူလုံရေး အကျိုးခံစားခွင့် ရရှိရေးကိုလည်း ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိလူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ အချက်အလက်များကို မှန်မှန်ကန်ကန် ဆန်းစစ်လေ့လာသုံးသပ်နိုင်ရန် မိမိတို့ဝန်ကြီး ဌာနအနေဖြင့် မကြာသေးမီက ကောက်ယူခဲ့သည့် ၂၀၁၉ ခုနှစ် ၊ ကြားဖြတ်လူဦးရေ သန်းခေါင် စာရင်းအချက်အလက်များကို အမြန်ဆုံး ထုတ်ပြန် နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်နေပါကြောင်း ၊ ယင်းအချက်အလက်များသည် ကိုဗစ်-၁၉ ကာလ မတိုင်မီကမှ ကောက်ယူခဲ့ခြင်းကြောင့် ကိုဗစ်-၁၉ မတိုင်မီ နှင့် ကိုဗစ်-၁၉ အလွန်ပြောင်း လဲမှုများ ၊ ကိုဗစ်-၁၉ ၏ နောက်ဆက်တွဲအကျိုးဆက်များကို ဆန်းစစ်လေ့လာနိုင်ရန်နှင့် ကုစားရေးလုပ်ငန်းစဉ်များကို စနစ်တကျပြင်ဆင်နိုင်ရန်များစွာ အထောက်အပံ့ဖြစ်စေမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) မှ ဒုတိယဌာနေကိုယ်စား လှယ် Ms. Nelida Rodrigues က UNFPA ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများသည် ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်နှင့် ပတ်သက်သည့် VIDEO Animation Clip ကို ကြည့်ရှုအားပေးကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
(သတင်းစဉ်)


