ယင်းမာပင် ၁ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် လွတ်လပ်ရေးနေ့ အကြို ပထမအကြိမ် မိုက်ခရို မာရသွန်ပြိုင်ပွဲကို ဇန်နဝါရီ ၁ ရက် နံနက် ၅ နာရီက သရက်ကန်ကျေးရွာမှ စတင်တာလွတ်၍ ကျင်းပပြုလုပ်ကြောင်း သိရသည်။

မိုက်ခရို မာရသွန်ပြိုင်ပွဲကို ယင်းမာပင်မြို့တွင် ပထမအကြိမ် ပြုလုပ်ကျင်းပခြင်းဖြစ်ပြီး ယင်းမာပင် မြို့နယ် သရက်ကန်ကျေးရွာမှ စတင်တာလွှတ်ကာ မြို့နယ်လွတ်လပ်ရေးကျောက်တိုင် ကွင်းရှေ့၌ ပန်းဝင်သည့် အပြေးသမားများကို တာဖမ်းခြင်းဖြစ်ကြောင်း သိရသည်။
မာရသွန်ပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူများ အလွတ်တန်း အပြေးဝါသနာရှင်များ စုစုပေါင်း ၃၀ဝ ကျော်က ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

"ဒီပြိုင်ပွဲမှာ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများကို လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ဆုများချီးမြှင့်ပေးမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တိုင်းကိုလည်း အမှတ်တရအဖြစ် ပြိုင်ပွဲဝင်အင်္ကျီများကို တာလွှတ်သည့်နေရာကနေ တစ်ခါတည်းထုတ်ပေးပြီး ပျော်ရွှင်စွာ ဝင်ရောက်ဆင်နွဲခဲ့ကြတာ ဖြစ်ပါတယ်။ ယင်းမာပင်မြို့မှာ တာဝေးမာရသွန်ပြိုင်ပွဲကို မကျင်းပဖြစ်တာ ဆယ်စုနှစ် (၂)စုနီးပါး ကြာပြီးမှ ဒီမိုက်ခရိုမာရသွန်ပြိုင်ပွဲကို ပထမဆုံးအကြိမ် ပြန်လည်ကျင်းပတာဖြစ်ပါတယ်" ဟု မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းသီရိလှိုင်က ပြောပြသည်။

ယင်းမာပင်မြို့တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများအဖြစ် ဖူဆယ် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ လွန်ဆွဲပွဲနှင့် ပြေးခုန်ပစ်ပြိုင်ပွဲများလည်း မြို့နယ်ပြည်သူ့အားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းဌေးအောင်(ကနီ)