နေပြည်တော် ၁၂ နိုဝင်ဘာ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ကမ္ဘောဒီးယားတော်ဝင်သံရုံးက ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ နိုဝင်ဘာ ၁၁ ရက်တွင် ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ထိုကြေညာချက်တွင်  မြန်မာနိုင်ငံ၌  ၂၀၂၀ ပြည့်နှစ် နို၀င်ဘာ ၈ ရက် (တနဂ်နွေနေ့) တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအတွက် ကမ္ဘောဒီးယားတော်၀င်သံရုံးက ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း။

ကမ္ဘောဒီးယားတော်ဝင်သံရုံးမှ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့က ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ခြောက်မြို့နယ်ရှိ မဲရုံ ၈ ရုံတွင် လေ့လာစောင့်ကြည့်ခဲ့ကြပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ အဖြစ် ရှုမြင်သုံးသပ်ခဲ့ ပါကြောင်း၊  မဲရုံများ၏ မဲရုံအတွင်းနှင့် မဲရုံပြင်ပ ၀န်းကျင်အခြေအနေအရပ်ရပ်တို့ကို လေ့လာစောင့်ကြည့်ရာတွင် စနစ်တကျ လုပ်ဆောင်ချက်နှင့် ငြိမ်းငြိမ်းချမ်းချမ်း အနေအထားတို့အား တွေ့မြင်ခဲ့ရပြီး မဲပေးသူဦးရေမှာလည်း များပြားပါကြောင်း၊  ထို့အပြင် မဲရုံများအတွင်းသို့ ၀င်ရောက်ကြမည့် မဲဆန္ဒရှင်များအား N95 နှာခေါင်းစည်းများ၊  မျက်နှာကာများ၊ လက်သန့်ဆေးရည်များကို ထောက်ပံ့ပေးခြင်းဖြင့် ကိုဗစ်-၁၉ ကူး စက် ရောဂါ ကာကွယ်ရေးအစီအမံများအတိုင်း မဲရုံမှူးများက လိုက်နာကျင့်သုံးခဲ့ကြသည်ဟု လေ့လာစောင့်ကြည့်ရေးအဖွဲ့က မှတ်ချက်ပြုထား ပါကြောင်း။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီလုပ်ငန်းစဉ်အတွက် ကမ္ဘောဒီးယားနိုင်ငံက ထောက်ခံပါသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားတော်ဝင်သံရုံးက ထပ်လောင်း မြွက်ကြားအပ်ပါကြောင်း၊   မြန်မာနိုင်ငံနှင့် မြန်မာပြည်သူပြည်သားများအနေဖြင့် ငြိမ်းချမ်းရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးဟူသော လမ်းကြောင်းအတိုင်း ဆက်လက်ခရီးဆက်နိုင်မှုကို မိမိတို့တွေ့မြင်နိုင်မည်ဟု အလေးအနက် မျှော်လင့်ပါကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံသည်  မြန်မာနိုင်ငံနှင့် အတူကာလ ကြာရှည်တည်ရှိလာသော ဆက်ဆံရေးကို ပိုမိုခိုင်မာတိုးတက်စေရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရန် အသင့်ရှိပါကြောင်း ဖော်ပြထားသည်။

(သတင်းစဉ်)