နေပြည်တော်  ၈  နိုဝင်ဘာ

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ မဲဆန္ဒရှင်ပြည်သူများသည် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ယနေ့နံနက် ၆ နာရီမှ စတင်၍ မြို့နယ်အတွင်းရှိ မဲရုံများတွင် တက်ကြွစွာ ဆန္ဒမဲပေးဆောင်ရွက်ကြသည်။

 

မဲဆန္ဒရှင်ပြည်သူများ မဲရုံသို့လာရောက်ချိန်တွင် နှာခေါင်းစည်းများ ဝေငှခြင်း၊ လက်သန့် ဆေးရည် များဖြင့် လက်ဆေးစေခြင်း၊ တစ်ဦးနှင့်တစ်ဦးခြောက်ပေအကွာ နေရာချထား ပေးခြင်းစသည့် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဖြစ်စေရန်နှင့် လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံမှူးနှင့် မဲရုံဝန်ထမ်းများက ကူညီဆောင်ရွက် ပေးကြသည်။

 

ဇေယျာသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၈ ခုတို့ရှိ မဲရုံ (၇၄)ရုံတွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ စုစုပေါင်း ၈၂၂၁၄ ရှိပြီး နိုဝင်ဘာ ၇ ရက် ညနေပိုင်းအထိ အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များ၊ မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးသူများနှင့် မဲရုံတာဝန်ထမ်းဆောင်မည့်သူများ၏ စုစုပေါင်း ကြိုတင်မဲ ၁၅၄၅၁ မဲပေးပြီးဖြစ်သည့်အတွက် ကျန်ရှိသည့် မဲဆန္ဒရှင် ၆၆၀၀၀ ကျော်တို့က ယနေ့တွင် ဆန္ဒမဲပေးကြကြောင်း သိရသည်။

ဇင်ဦး(မြန်မာ့အလင်း)၊ ဓာတ်ပုံ- သီဟစည်သူ