နေပြည်တော် ၁၁ မတ် 

 

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် မဲပေးနိုင်ရေး ပညာပေးရန်  ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဉီးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် အမြဲတမ်းအတွင်းဝန် ဉီးမျိုးမြင့်မောင်က ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် မဲပေးနိုင်ရေး ပညာပေးရန် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဉီးစီးဌာနနှင့် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းတို့မှ တာဝန်ရှိသူများက ဌာနအလိုက် ဆောင်ရွက်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဉီးအောင်လှထွန်းက မဲပေးနိုင်ရေး ပညာပေးရန်နှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားသော မီဒီယာနှင့် သက်ဆိုင်သည့် လမ်းညွှန်ချက်များကို လိုက်နာနိုင်ရေး စုစည်းပြုစုထားရန်၊ ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် သီချင်းများ၊ ပညာပေးအစီအစဉ်များ၊ အင်တာဗျူးများကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ဆောင်ရွက်သွားရန်နှင့် ယင်းတို့အား စောနိုင်သမျှ ဆောလျင်စွာ ဆောင်ရွက်နိုင်ရေး ပြင်ဆင်ရန်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။ 

 

သတင်းစဉ်