နေပြည်တော် ၈ နိုဝင်ဘာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ယနေ့ နံနက် ၆ နာရီမှစတင်၍ နိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပရာ တပ်မတော်သားများနှင့် မိသားစုဝင်များသည်လည်း သက်ဆိုင်ရာမဲရုံများတွင် စည်းမျဉ်းသတ်မှတ်ချက်များနှင့်အညီ ဆန္ဒမဲများပေးခဲ့ကြသည်။
ထိုသို့ ဆန္ဒမဲများပေးကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ အနော်ရထာ ရပ်ကွက်၊ ဇေယျာသီရိကုန်တိုက်ရှိ မဲရုံအမှတ်(၁)သို့ သွားရောက်၍ ဆန္ဒမဲပေးကြသည်။
ထို့အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝ န်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင် များကလည်း သတ်မှတ်မဲရုံများ၌ ဆန္ဒမဲများ အသီးသီးပေးခဲ့ကြသည်။
အလားတူ တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ တိုင်းစစ်ဌာနချုပ်များနှင့် တပ်ရင်း၊ တပ်ဖွဲ့များမှ မဲရုံအသီးသီးတွင်လည်း တိုင်းမှူးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက သက်ဆိုင်ရာမဲရုံအသီးသီးတွင် စနစ်တကျဖြင့် ဆန္ဒမဲများပေး ခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေး ဉီးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်


