ငဖဲ၊ ၁၈   ဇွန် 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမတွင် မြို့နယ်အတွင်း ၂၀၂၀ပြည့်နှစ် သဘာ၀ဘေးအန္တရာယ် (မိုးလို/မိုးခေါင်မှု)ကြောင့် ထိခိုက် ပျက်စီးခဲ့သည့်သီးနှံများအတွက် တောင်သူများအားထောက်ပံ့ကြေးငွေပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၁၈ ရက် နံနက် ၁၀ နာရီက ကျင်းပသည်။

ပေးအပ်ပွဲတွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်သိန်းလှိုင် က၂၀၂၀ ပြည့်နှစ်က တောင်သူများစိုက်ပျိုးသည့် သီးနှံများ အမှန်တကယ် ထိခိုက်ပျက်စီးမှုများအတွက် ပေးအပ် ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးမြင့်သိန်း က သီးနှံထောက်ပံ့ကြေးပေးအပ်မှုဆောင်ရွက်ရခြင်းနှင့် မိုးသီးနှံစိုက်ပျိုးနိုင်ရေးဆောင်ရွက်ရမည့် အခြေအနေ များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ၂၀၂၀ ပြည့်နှစ် သဘာ၀ဘေးအန္တရာယ် (မိုးလို/မိုးခေါင်မှု)ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရပ်ကွက်/ကျေးရွာအုပ်စု (၂၁)အုပ်စုရှိ တောင်သူ (၃၉၈၇)ဦးအတွက် မိုးနှမ်းပျက်စီးဧက (၈၄၈၇)ဧကအတွက် တစ်ဧကလျှင် ငွေကျပ် ၅၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေကျပ် (၄၂၄၃၅၀၀၀)နှင့် မိုးမြေပဲပျက်စီးဧက (၁၂)ဧက အတွက်  တစ်ဧကလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေကျပ်(၃၆၀၀၀၀)၊ စုစုပေါင်း မိုးနှမ်းနှင့် မိုးမြေပဲ သီးနှံပျက်စီးဧက (၈၄၉၉)ဧကအတွက် သီးနှံထောက်ပံ့ငွေကျပ် (၄၂၇၉၅၀၀၀) ကို တာဝန်ရှိ သူများက တောင်သူများထံပေးအပ်ခဲ့ကြကြောင်းသိရသည်။

မယု(ငဖဲ)