၂၀၂၀ ပြည့်နှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၂၁ အမျိုးသား(ဘောလုံး)ပြိုင်ပွဲ ဆက်လက်ကျင်းပ

နေပြည်တော် ၄ ဖေဖော်ဝါရီ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၂၁ အမျိုးသား(ဘောလုံး)ပြိုင်ပွဲများကို သတ်မှတ်အားကစားကွင်းများတွင် ကျင်းပပြုလုပ်ရာ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုခဲ့ကြသည်။ 

ယနေ့ပွဲစဉ်များအဖြစ် နံနက်(၇)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား လေ့ကျင့်ရေးကွင်း(၃)တွင် ချင်းပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက်(၁)ဂိုးစီ သရေဖြင့်လည်းကောင်း၊ ညနေ(၃)နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား လေ့ကျင့်ရေးကွင်း(၁)တွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက် (၂)ဂိုးစီ သရေဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား လေ့ကျင့်ရေးကွင်း(၃)တွင် ကယားပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကယားပြည်နယ်အသင်းမှ (၁)ဂိုး ဂိုး(မရှိ) ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိသွားသည်။

ယနေ့ အုပ်စုပွဲစဉ်များအပြီး ဖေဖော်ဝါရီ ၅ ရက်တွင် ပြိုင်ပွဲများရပ်နားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၆ ရက် ညနေ ၃ နာရီတွင် ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် ကရင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့သည် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား လေ့ကျင့်ရေးကွင်း(၁)တွင် လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် ချင်းပြည်နယ်အသင်းတို့သည် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစား လေ့ကျင့်ရေးကွင်း(၃)တွင် လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ဘောလုံးအားကစားကို စိတ်ပါဝင်စားသော မိဘပြည်သူများအနေဖြင့် အခမဲ့လာ ရောက်ကြည့်ရှုနိုင်ပါကြောင်း လူထုအားကစားနှင့် ပညာပေးဌာနခွဲမှ သတင်းရရှိသည်။

MDN