ရန်ကုန် ၁၁ မတ်

 

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင်စတင်ကျင်းပရာ ရန်ကုန်မြို့ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ကျောင်းသား၊ ကျောင်းသူ ၈၅ ဦး ဝင်ရောက်ဖြေဆိုကြကြောင်း အဆိုပါ အကျဉ်းထောင်မှ သိရသည်။

 

အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်းရှိ အမှတ် (၁၃) အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ပညာသင်ကြားနေသူ အကျဉ်းသား ကျောင်းသား ၇၄ ဦး နှင့် အကျဉ်းသူ ကျောင်းသူ လေးဦး၊ အချုပ်သား၊ အချုပ်သူနှစ်ဦး၊ လွတ်မြောက်ပြီး ပြင်ပမှ လာရောက်ဖြေဆိုသူ ငါးဦး အပါအဝင် စုစုပေါင်း ၈၅ ဦးသည် အကျဉ်းထောင်(အင်းစိန်)အတွင်းရှိ အမှတ်(၁၃) အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ဖြေဆိုကြခြင်းဖြစ်သည်။

 

1295644633

 

ယင်းသို့ဖြေဆိုနိုင်ရန် အကျဉ်းထောင်အတွင်း၌ ပြင်ပတွင် စာပေသင်ကြားခြင်း အတွေ့အကြုံရှိ ဘွဲ့ရ/မဟာဘွဲ့ရ အကျဉ်းသား ကျောင်းအုပ်ဆရာ၊ ကျောင်း ဆရာများက စာသင်နှစ်မှစ၍ အနီးကပ် သင်ကြားပေးခဲ့သည့်အပြင် အင်းစိန်မြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူးအပါအဝင် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ပြင်ပမှ စေတနာရှင် ဆရာ၊ ဆရာမများက လာရောက်သင်ကြားပေးခဲ့ကြောင်း သိရသည်။

 

ထို့ပြင် အကျဉ်းထောင်တာဝန်ရှိသူများက ၎င်းတို့အား ကျန်းမာရေး စောင့်ရှောက်မှုများနှင့်အတူ ညနေပိုင်း အားလပ်ချိန်များတွင် အားကစားနည်းများ လွတ်လပ်စွာပြုလုပ်စေသည့်အပြင် အကျဉ်းထောင်၏ မည်သည့်လုပ်ငန်းကိုမှ တာဝန်ပေးခိုင်းစေခြင်း မပြုဘဲ ပြင်ပ ကျောင်းသား၊ ကျောင်းသူများနည်းတူ စာပေသင်ကြားခြင်း တစ်မျိုးတည်းကိုသာ ဆောင်ရွက်စေကြောင်း သိရသည်။

 

အင်းစိန်ဗဟို အကျဉ်းထောင်အနေဖြင့် ပညာသင်ကြားလိုသော အကျဉ်းသား၊ အကျဉ်းသူများအား အတန်းပညာများကို သင်ကြားပေးလျက်ရှိပြီး စာမေးပွဲ ဝင်ရောက်ဖြေဆိုနိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။

 

 အဆိုပါအကျဉ်းထောင်အတွင်းမှတစ်ဆင့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမှုသည် ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့ပြီး ယင်းနှစ်တွင် ဖြေဆိုသူ နှစ်ဦး၊ ၂၀၁၅ ခုနှစ်တွင် ခုနစ်ဦး၊ ၂၀၁၆ ခုနှစ်တွင် ၁၁ ဦး၊ ၂၀၁၇ ခုနှစ်တွင် ကိုးဦး၊ ၂၀၁၈ ခုနှစ်တွင် ၁၉ ဦး နှင့် ၂၀၁၉ ခုနှစ်တွင် ၅၂ ဦး အောင်မြင်ခဲ့ပြီး ဂုဏ်ထူးရှင် ၃၆ ဦး ထွက်ပေါ်ခဲ့ကြောင်းသိရသည်။

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်