စစ်တွေ  ၉ ဩဂုတ်

 

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရခိုင်ပြည်နယ်မှ ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်သူ ၂၀ ဦးထွက်ပေါ်ခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှသိရသည်။

 

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရခိုင်ပြည်နယ်မှ တစ်ဘာဂုဏ်ထူးရှင် ၁၁၆၀ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၃၄၃ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁၀၅ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၅၇ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၄၂ ဦးနှင့် ဘာသာစုံဂုဏ်ထူးရှင် ၂၀ ဦးရှိပြီး ဂုဏ်ထူးဖြင့်အောင်မြင်သူပေါင်း ၁၇၂၇ ဦးရှိကြောင်းသိရသည်။ ထို့သို့ ဂုဏ်ထူးများဖြင့်အောင်မြင်ကြရာတွင် စစ်တွေမြို့နယ်မှ  ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်သူ ၁၀ ဦးပေါ်ထွက်ခဲ့ကြောင်း စစ်တွေမြို့နယ်ပညာရေးမှူးရုံးမှသိရ သည်။

 

ရခိုင်ပြည်နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၁၂၇ ခု ဖွင့်လှစ်၍ စစ်ဆေးခဲ့ရာ ဖြေဆိုသူ ၄၅၁၆၁ ဦးတွင် ၁၂၃၁၄ ဦးအောင်မြင်သည်။ မြန်မာတစ်နိုင်ငံလုံးအောင်ချက် ရာခိုင်နှုန်းတွင် ရခိုင်ပြည်နယ်သည် ၂၇ ဒသမ ၂၇ ရှိပြီး ပြည်နယ်တစ်ခုလုံး၌ မင်းပြားမြို့နယ်က ဖြေဆိုသူ ၂၉၅၉ ဦးတွင် အောင်မြင်သူ ၁၀၆၈ ဦးရှိကာ အောင်ချက်ရာခိုင်နှုန်း ၃၆ ဒသမ ၀၉ ဖြင့် အောင်ချက် အကောင်းဆုံးမြို့နယ်ဖြစ်ကြောင်းသိရသည်။

 

ရခိုင်ပြည်နယ်သည် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသူ ၄၂၄၁၆ ဦးရှိပြီး အောင်မြင်သူ ၁၀၁၆၅ ဦးရှိခဲ့ကာ အောင်ချက်ရာခိုင်နှုန်းအနေဖြင့်  ၂၃ ဒသမ ၉၇ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ယခုနှစ်တွင် ၂၇ ဒသမ ၂၇ ရာခိုင်နှုန်းထိ တိုးတက်အောင်မြင်လာကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)