နေပြည်တော် ၁၄ နိုဝင်ဘာ
၂၀၂၀ ပြည့်နှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် ပဏာမ စိစစ်ရေးအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ရုံးအမှတ်(၄၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် ပဏာမစိစစ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ပဏာမစိစစ်ရေးအဖွဲ့အနေဖြင့် နှစ်စဉ်ဂုဏ်ထူးဆောင် ဘွဲ့၊ တံဆိပ်များ ချီးမြှင့်အပ်နှင်းရန်ကိစ္စနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာရုံးအဖွဲ့အစည်း၊ ဝန်ကြီးဌာန၊ စည်ပင်သာယာရေးကော်မတီများမှ ထောက်ခံတင်ပြလာသည့် ပြည်သူ့ဝန်ထမ်းဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များကို သတ်မှတ်ထားသော ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိ ပဏာမစိစစ်မှုများ ဆောင်ရွက်ပြီး ဒုတိယသမ္မတ ဦးမြင့်ဆွေ နာယကအဖြစ် ဆောင်ရွက်သည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရေး စိစစ်ရေးအဖွဲ့အစည်းအဝေးသို့ တင်ပြရမည်ဖြစ်ပြီး အစည်းအဝေး ဆုံးဖြတ်ချက်များအရ ပြည်ထောင်စုအစိုးရအဖွဲ့သို့ အမှာစာတင်ပြ ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း။
၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဦးဆောင်၍ သက်ဆိုင်ရာ ရုံးအဖွဲ့အစည်း၊ ဌာနများနှင့် ကြိုတင်စိစစ်ရေး အစည်းအဝေးအား ကျင်းပခဲ့ပြီး ၎င်းတို့ထောက်ခံတင်ပြထားသည့် တံဆိပ်များနှင့် ပတ်သက်၍ စိစစ်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်အတွက် ပြည်သူ့ဝန်ထမ်းဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များကို ရုံးအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ စည်ပင်သာယာရေးကော်မတီများ စသည့်ဌာန (၅၅)ခုတို့မှ ကနဦးထောက်ခံတင်ပြလာသည်ကို တွေ့ရှိရပါကြောင်း။
ထို့ကြောင့် ပြည်ထောင်စုအဆင့် ရုံးအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ စည်ပင်သာယာရေးကော်မတီများမှ ထောက်ခံတင်ပြလာသည့် ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များနှင့် ပတ်သက်၍ ရသင့်ရထိုက်သည့် ပုဂ္ဂိုလ်များရရှိရန်၊ ဂုဏ်ပြုသင့် ဂုဏ်ပြုထိုက်သည့်ပုဂ္ဂိုလ်များ မကျန်ရှိစေရန်၊ နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်ရာတွင် အမှန်တကယ် ကြိုးစားဆောင်ရွက်သည့် ပုဂ္ဂိုလ်များကို ၎င်းတို့နှင့် ထိုက်တန်သည့် ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များရရှိရန်နှင့် ခံစားခွင့်မရှိသင့်သည့် ပုဂ္ဂိုလ်များ မပါရှိစေရန် သေချာစွာစိစစ်ပြီး ဒုတိယသမ္မတ ဦးမြင့်ဆွေ နာယကအဖြစ် ဆောင်ရွက်သည့် စိစစ်ရေးအဖွဲ့သို့ ဆက်လက်ထောက်ခံ တင်ပြနိုင်ရေးအတွက် တက်ရောက်လာကြသည့် အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် ပြောကြားသည်။
ထို့နောက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် ပဏာမစိစစ်ရေးအဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ၂၀၂၀ ပြည့်နှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် ပဏာမစိစစ်ရေးအဖွဲ့သို့ ရုံးအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ စည်ပင်သာယာရေးကော်မတီတို့မှ ထောက်ခံတင်ပြထားမှု အခြေ အနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်ထွန်းက ၂၀၂၀ ပြည့်နှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်နိုင်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲရေးချုပ် ရဲမှူးချုပ် ဝင်းထွန်းနှင့် မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူတို့က မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်ဦးစီးဌာနမှ ထောက်ခံတင်ပြထားသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှု ဂုဏ်ထူးဆောင်တံဆိပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ၂၀၂၀ ပြည့်နှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ရေးနှင့်စပ်လျဉ်း၍ အကြံပြု ဆွေးနွေးကြကာ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်


