ဘားအံ ၂၂ စက်တင်ဘာ
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း၌ မဲရုံပေါင်း ၂၃၀ ရုံဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသော ကျေးရွာတစ်ရွာရှိကြောင်း ဘားအံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ဘားအံမြို့နယ်တွင် တစ်သီးပုဂ္ဂလ ၆ ဦး အပါအဝင် နိုင်ငံရေးပါတီ ၁၂ ပါတီမှ ကိုယ်စာလှယ်လောင်း စုစုပေါင်း ၇၀ ဝင်ရောက် အရွေးချယ်ခံယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့ထိ ပထမအကြိမ် ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းအရ မဲဆန္ဒရှင်ဦးရေ ၃၆၂၀၄၂ ဦးရှိကာ ပုံစံ(၃)၊ (၃-က)၊ (၄)၊ (၄-ဂ)တို့ဖြင့် ပြင်ဆင်ဖြည့်စွက်စိစစ်ပြီး ဒုတိယအကြိမ်ထုတ်ပြန်မည့်မဲစာရင်းတွင် မဲဆန္ဒရှင် ဦးရေ ၃၆၄၁၄၄ ဦးရှိကြောင်းနှင့် ဒုတိယ အကြိမ်မဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေညာမည့် ရက်အတိအကျကိုမသိရှိရသေးဘဲ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ကြေညာသည့်နေ့တွင် ကပ်ထားကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဘားအံမြို့နယ်တွင် အသက်အရွယ်ကြီးရင့်၍ မဲရုံသို့ သွားရောက်မဲမပေးနိုင်သော သက်ကြီးရွယ်အို ၃၄ ဦးနှင့် လေဖြတ်ဝေဒနာခံစားနေရသူ ၅၃ ဦးတို့အပါအဝင် မသန်စွမ်းသူ စုစုပေါင်း ၄၀၇ ဦးရှိပြီး ထိုသူများကို ကြိုတင်မဲစနစ်ဖြင့် ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဘားအံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအနေဖြင့် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေညာ နိုင်ရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများကို ပြင်ဆင်ဖြည့်စွက် ဆောင်ရွက်ပြီးစီးနေပြီး ဖြစ်ကြောင်းနှင့် မဲရုံ ၂၃၀ မှ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး စုစုပေါင်း ၄၆၀ ကို ၁၄ နေရာခွဲ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရွေးကောက်ပွဲဆိုင်ရာသင်တန်းများပို့ချပေးနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ဘားအံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)