မြစ်ကြီးနား၊ ၅ ဇန်နဝါရီ
ကချင်ပြည်နယ်အတွင်း ၂၀၂၀ ပြည့်နှစ်တွင် မီးလောင်မှုဖြစ်စဉ် (၇၇)ကြိမ် ဖြစ်ပွားခဲ့ကာ ၂၀၁၉ ခုနှစ် မီးလောင်မှု ဖြစ်စဉ်များထက် လျော့နည်းကာ လူသေဆုံးမှုနှင့် ဆုံးရှုံးမှုလည်း လျော့နည်းခဲ့ကြောင်း ကချင်ပြည်နယ် မီးသတ်ဦးစီး ဌာန ဒုတိယပြည်နယ်ဦးစီးဌာနမှူး ဦးမျိုးထွဋ်ဦးထံမှ သိရသည်။
“ကချင်ပြည်နယ်အတွင်း မီးလောင်မှုပြောရရင် ၂၀၁၉ ခုနှစ်မှာ မီးလောင်မှု(၁၀၈)ကြိမ်ဖြစ်ပွားခဲ့တာမှာ အိမ်ခြေ အဆောက်အအုံ (၂၄၁)လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ မီးလောင်မှုကြောင့် လူ(၇)ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိမှု (၈)ဦး ပါ။ ဆုံးရှုံးမှုတန်ဖိုးကတော့ ငွေကျပ် (၁၅၆) သန်းကျော် ဆုံးရှုံးမှုဖြစ်ပွားခဲ့တာပါ။ ၂၀၂၀ ပြည့်နှစ်မှာ မီးလောင်မှု (၇၇)မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် အိမ်ခြေအဆောက်အအုံ(၇၂)လုံး မီးလောင်ကျွမ်းဆုံးရှုံးခဲ့ပြီး မီးလောင်မှု ကြောင့် လူနှစ်ဦးသေဆုံးခဲ့ပါတယ်။ (၅)ဦး ဒဏ်ရာရရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် မတ်လမှာ မီးလောင်မှုကြောင့် ကြက်အကောင်ရေ(၅၀၀)လည်း မီးလောင်သေဆုံးခဲ့တာရှိပါတယ်။ စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးကတော့ ငွေကျပ် (၈၈)သန်းခန့်ဖြစ်ပါတယ်” ဟု ဒုတိယပြည်နယ်ဦးစီးမှူး ဦးမျိုးထွဋ်ဦးက ပြောသည်။
မီးလောင်မှုဖြစ်စဉ်များတွင် မီးဖိုမီး၊ ပေါ့ဆမီး၊ လျှပ်စစ်မီးတို့ကြောင့် အဖြစ်များပြီး မီးလောင်မှုလျော့နည်း ကျဆင်းရေးအတွက် မီးသတ်ဦးစီးဌာနမှ သက်ဆိုင်ရာ မြို့နယ်အလိုက် အသိပညာပေးခြင်း၊ ဇာတ်တိုင် လေ့ကျင့် ခြင်းနှင့် မီးလောင်မှုဖြစ်ပွားစေနိုင်သည့် လောင်စာဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများကို မီးသတ် တပ်ဖွဲ့၏ လုပ်ငန်းစဉ်(၇)ရပ်နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း ကချင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
မိုဃ်းကျ(မြစ်ကြီးနား)