မလှိုင်  ၂၃  အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အသက်(၆၀)အထက် မဲဆန္ဒရှင်များအား နည်းလမ်း ၃ မျိုးအနက် ကြိုက်နှစ်သက် ရာနည်းဖြင့် မဲပေးနိုင်ရန် ဆောင်ရွက်ထားတယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲကနေ သိရပါတယ်။

 

"မဲရုံသို့ မသွားရောက်နိုင်၍ ကြိုတင်ဆန္ဒမဲပေးလိုသူများအနေနဲ့ အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ မိမိတို့ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ကြိုတင်ဆန္ဒမဲ ပေးနိုင်သလို  မဲရုံသို့လည်း မသွားနိုင် / ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်ရုံးသို့လည်း မသွား နိုင်သော နာမကျန်းသူ မဲဆန္ဒရှင်များကိုသာ အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲ ကောက်ယူပေးပါရန် သတင်းလာရောက် ပေးပို့ပါက အထက်ပါ နေ့ရက်များမှာ ဆောင်ရွက်ပေးသွားမှာပါ။ ဒါမှ မဟုတ် မိမိတို့ ၏ မဲစာရင်းပါရာ မဲရုံသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်၍ ဆန္ဒမဲပေးလိုက ပေးနိုင်ပါတယ်။ အသက် ၆စ အထက်မဲဆန္ဒရှင်တွေအနေနဲ့ နည်းလမ်း ၃မျိုးကနေ ကြိုက်နှစ်သက်ရာ နည်းလမ်းနဲ့ မေးပေးနိုင်ပါတယ် " ဟု မြို့နယ် ကော်မရှင်ရုံးခွဲ ဥက္ကဋ္ဌ ဦးမောင်မောင်တင်က ပြောသည်။

 

မလှိုင်မြို့နယ်တွင် မဲဆန္ဒရှင်ပေါင်း ၁၂၁၀ဝ၀  ကျော်ရှိနေပြီး အသက် ၆၀ နှစ်အထက် မဲဆန္ဒရှင် ပေါင်း ၂သောင်းကျော် ရှိနေ ကြောင်းနှင့် မလှိုင်မြို့နယ်တွင် ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲအတွက် မဲရုံပေါင်း ၂၁၀ ရှိကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

 

ဘိုဘို(မလှိုင်)