၂၄  အောက်တိုဘာ 

၂၀၂၀ ခုနှစ်တွင် ကျင်းပမည့် လိဂ်ပြိုင်ပွဲအလိုက် ရက်များထုတ်ပြန်လိုက်ပြီဖြစ်ပြီး လိဂ်ပြိုင်ပွဲလေးခု ကျင်းပသွားမည်ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ၂၀၂၀ ရာသီတွင် MNL စီနီယာလိဂ်ပြိုင်ပွဲ၊ MNL-2 (ပထမတန်း) ပြိုင်ပွဲ၊ MNL ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲ၊ MNL ယူ-၁၉ လူငယ်လိဂ်ပြိုင်ပွဲတို့ ကျင်းပမည်ဖြစ်ပြီး ယခင်က လူငယ်လိဂ်ပြိုင်ပွဲလေးခု ကျင်းပခဲ့သော်လည်း လာမည့်ရာသီတွင် ပွဲအရေအတွက် ပိုမိုများပြားလာစေရန် ရည်ရွယ်၍ MNL နှင့် MNL-2 တို့မှ ကလပ်အသင်းအားလုံးမှာ ယင်းလူငယ်လိဂ်နှစ်ခုစလုံးတွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။  MNL စီနီယာလိဂ်ပြိုင်ပွဲကို ဇန်နဝါရီ ၁၁ ရက်မှ စက်တင်ဘာ ၂၇ ရက်၊  MNL-2  စီနီယာလိဂ်ပြိုင်ပွဲကို ဇန်နဝါရီ ၂၃ ရက်မှ ဇူလိုင် ၁၇ ရက်၊  MNL ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲကို ဇန်နဝါရီ ၁၈ ရက်မှ စက်တင်ဘာ ၂၄ ရက်၊  MNLယူ-၁၉ လိဂ်ပြိုင်ပွဲကို ဇန်နဝါရီ ၁၄ ရက်မှ အောက်တိုဘာ ၁၀ ရက်အထိ ကျင်းပရန် စီစဉ်ထားသည်။  MNL ပြိုင်ပွဲတွင် အသင်း ၁၂ သင်း၊ MNL-2 (ပထမတန်း) တွင် အသင်း ခုနစ်သင်း/ ရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

၂၀၁၉ ရာသီအပြီးတွင် ကလပ်အသင်းအချို့ ဖျက်သိမ်းတော့မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အောက်တိုဘာ ၂၃ ရက်က ပြုလုပ်သည့် အစည်းအဝေးအထိ MNL ကလပ်အသင်းများအနက် ဖျက်သိမ်းသည့် အသင်းမရှိသေးကြောင်း သိရသည်။ မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ယခုလကုန်အထိ ဝင်ရောက်ယှဉ်ပြိုင်မည့် ကလပ်အသင်းများကို လက်ခံမည်ဖြစ်ပြီး နိုဝင်ဘာတွင် ပွဲစဉ်ရေးဆွဲခြင်းအပါအဝင် လာမည့်ရာသီတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်အသင်းများကို အတည်ပြုထုတ်ပြန်မည်ဖြစ်သည်။

လာမည့်နှစ်တွင် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ ကျင်းပရန် ရှိသောကြောင့် စီနီယာလိဂ်ပြိုင်ပွဲများကို စက်တင်ဘာတွင် အပြီးကျင်းပမည်ဖြစ်ပြီး ကလပ်အသင်းအားလုံးအတွက် ရာသီကြို အပြောင်းအရွှေ့ကာလကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၉ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၀ ရက်အထိ သတ်မှတ်ထားသည်။ ၂၀၁၉ ရာသီတွင် MNL အမှတ်ပေးပြိုင်ပွဲ၌ ရှမ်းယူနိုက်တက်အသင်း၊ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ၌ ချင်းယူနိုက်တက်အသင်း၊ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ၌ ရန်ကုန်ယူနိုက်တက်အသင်းတို့က ဗိုလ်စွဲခဲ့သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်