ရန်ကုန် ဇန်နဝါရီ

 

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို ဇန်နဝါရီ ၁၀ ရက်တွင် စတင်ကျင်းပတော့မည်ဖြစ်ပြီး တန်းတက်အား/ကာသိပ္ပံအသင်းနှင့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းတို့ အဖွင့်ပွဲကစားရမည်ဖြစ်သည်။

 

ပွဲစဉ်()ကို သုံးရက်ကြာကျင်းပမည်ဖြစ်ပြီး ရှမ်းယူနိုက်တက်နှင့် ရန်ကုန်အသင်းတို့မှာ တန်းတက်အသင်းများနှင့် တွေ့ဆုံနေပြီး ဧရာဝတီအသင်းမှာမူ ပြည်တွင်းကစားသမားများဖြင့် ဖွဲ့စည်းထားသည့် မကွေးအသင်းနှင့် အိမ်ကွင်းကစားရမည်ဖြစ်သည်။ ပွဲစဉ် () အဖြစ် ဇန်နဝါရီ ၁၀ ရက်တွင် မန္တလာသီရိကွင်း၌ အား/ကာသိပ္ပံအသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ ဇန်နဝါရီ ၁၁ ရက်တွင် သုဝဏ္ဏကွင်း၌ ဇွဲကပင်အသင်းနှင့် ရတနာပုံအသင်း၊ ပုသိမ်ကွင်း၌ ဧရာဝတီအသင်းနှင့် မကွေးအသင်း၊ ဇန်နဝါရီ ၁၂ ရက်တွင် ပဲခူးကွင်း၌ ဟံသာဝတီအသင်းနှင့် ရခိုင်အသင်း၊ YUSC ကွင်း၌ ရန်ကုန်အသင်းနှင့် ချင်းယူနိုက်တက်အသင်း၊ မော်လမြိုင်ကွင်း၌ Southern အသင်းနှင့် စစ်ကိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အဖွင့်ပွဲများမှာ မထင်မှတ်သည့်ရလဒ်များ ထွက်နိုင်သောကြောင့် အသင်းကြီးများအနေဖြင့် အာရုံစိုက်ကစားရန် လိုအပ်သလို အသင်းငယ်များ၏ မထင်မှတ်သည့်ရုန်းကန်မှုများကိုလည်း တွေ့မြင်ရဖွယ်ရှိနေသည်။

 

၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ယှဉ်ပြိုင်မည့်အသင်းများအနက် မကွေး၊ ဇွဲကပင်နှင့် ချင်းယူနိုက်တက်အသင်းတို့မှလွဲ၍ ကျန်ကိုးသင်းမှာ အိမ်ကွင်းလက်ခံကစားမည်ဖြစ်ပြီး MNL ပြိုင်ပွဲတစ်လျှောက် အိမ်ကွင်းအများဆုံးကျင်းပမည့် ရာသီလည်းဖြစ်သည်။ တန်းတက်အသင်းဖြစ်သည့် အား/ကာသိပ္ပံအသင်းသည် မန္တလေးမြို့ရှိ မန္တလာသီရိကွင်းကို အိမ်ကွင်းလက်ခံကစားမည်ဖြစ်ရာ ရာသီအစပွဲစဉ်များကို ရတနာပုံအသင်းနှင့်အတူ အသုံးပြုမည်ဖြစ်သည်။ ရတနာပုံအသင်းသည် နောက်ပိုင်းပွဲများမှသာ ဗထူးကွင်းကို အိမ်ကွင်းအဖြစ် အသုံးပြုမည်ဖြစ်သည်။

 

MNL အမှတ်ပေးပြိုင်ပွဲကို ၂၀၀၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ယခုနှစ်တွင် ၁၂ ရာသီမြောက် ကျင်းပခြင်းဖြစ်သည်။ ကျင်းပပြီးစီးခဲ့သည့် ၁၁ ရာသီတွင် ရန်ကုန်အသင်းက ငါးကြိမ်ဖြင့် အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေကာ ရတနာပုံအသင်းက လေးကြိမ်၊ ရှမ်းယူနိုက်တက်အသင်းက နှစ်ကြိမ်ဗိုလ်စွဲထားသည်။ လက်ရှိချန်ပီယံအသင်းမှာ ရှမ်းယူနိုက်တက်အသင်းဖြစ်ပြီး ၂၀၁၉ ရာသီတွင် ရှုံးပွဲမရှိဘဲ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်