၇  အောက်တိုဘာ

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ၂၀၂၀ ရာသီ ပြည်တွင်းလိဂ်ပြိုင်ပွဲကို ဇန်နဝါရီတွင် စတင်ကျင်းပမည်ဖြစ်သည်။ ၂၀၁၉ ရာသီ ပြည်တွင်းလိဂ်ပြိုင်ပွဲများမှာ စက်တင်ဘာတွင်ပြီးဆုံးခဲ့ပြီး နှစ်ဆန်းပိုင်းမှသာ ပြန်လည်ကျင်းပမည်ဖြစ်သည်။

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် လာမည့်ရာသီတွင်လည်း MNL တွင် စီနီယာလိဂ်ပြိုင်ပွဲ၊ ယူ-၂၁ လိဂ်ပြိုင်ပွဲ၊ ယူ-၁၉ လိဂ်ပြိုင်ပွဲ၊ MNL-2 (ပထမတန်း) တွင် စီနီယာလိဂ်ပြိုင်ပွဲ၊ ယူ-၂၀ လိဂ်ပြိုင်ပွဲနှင့် ယူ-၁၈ လိဂ်ပြိုင်ပွဲတို့ ကျင်းပမည်ဖြစ်ပြီး ၂၀၁၉ ရာသီတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကလပ်အသင်းများထံ လာမည့်ရာသီ၌ ဝင်ရောက်ယှဉ်ပြိုင်ခြင်းရှိ၊ မရှိ အကြောင်းကြားရန် စာပေးပို့ထားသည်။ ၂၀၁၉ ရာသီအပြီးတွင် MNL အမှတ်ပေးပြိုင်ပွဲ၌ ရှမ်းယူနိုက်တက်အသင်းက ချန်ပီယံဆုရခဲ့ပြီး ဒဂုံအသင်းနှင့် Chinland အသင်းတို့မှာ တန်းဆင်းခဲ့ရသည်။

 

ထို့ကြောင့် ၂၀၁၉ ရာသီတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရှမ်းယူနိုက်တက်၊ ဧရာဝတီ၊ ရန်ကုန်၊ ရတနာပုံ၊ ဟံသာဝတီ၊ ရခိုင်၊ မကွေး၊ စစ်ကိုင်း၊ Southern နှင့် ဇွဲကပင်အသင်းတို့အပါအဝင် တန်းတင်ခွင့်ရထားသည့် ချင်းယူနိုက်တက်နှင့် အား/ကာသိပ္ပံအသင်းတို့ ယှဉ်ပြိုင်ခွင့်ရထားသည်။ ပြီးခဲ့သည့်ရာသီကုန်တွင် ကလပ်အသင်းအချို့ ပြန်အပ်တော့မည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း လက်ရှိအချိန်ထိ မြန်မာနေရှင်နယ်လိဂ်ကော်မတီထံ တရားဝင်အပ်နှံခြင်းမရှိသေးကြောင်း သိရသည်။ လိဂ်ပြိုင်ပွဲများအနက် MNL အမှတ်ပေးပြိုင်ပွဲကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီဒုတိယပတ်တွင် စတင်ကျင်းပရန် စီစဉ်ထားပြီး အခြားလိဂ်များကိုလည်း ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။

 

ပြိုင်ပွဲဝင်မည့် အသင်းများအပေါ်မူတည်၍ ပွဲစဉ်ရေးဆွဲခြင်းနှင့် ပြိုင်ပွဲကာလများ သတ်မှတ်မည်ဖြစ်ပြီး MNL အမှတ်ပေးပြိုင်ပွဲကိုမူ ၁၂ သင်းဖြင့် ကျင်းပမည်ဖြစ်သည်။ ၂၀၁၉ ရာသီတွင် MNL ပြိုင်ပွဲ၌ ရှမ်းယူနိုက်တက်အသင်း၊ ယူ-၂၁ လိဂ်ပြိုင်ပွဲ၌ MFF Youth အသင်း၊ ယူ-၁၉ လိဂ်ပြိုင်ပွဲ၌ ရှမ်းယူနိုက်တက်အသင်း၊MNL-2 (ပထမတန်း) ပြိုင်ပွဲ၌ ချင်းယူနိုက်တက်အသင်း၊ ယူ-၂၀ လိဂ်ပြိုင်ပွဲ၌ မြဝတီအသင်း၊ ယူ-၁၈ လိဂ်ပြိုင်ပွဲ၌ အား/ကာသိပ္ပံအသင်းတို့ ဗိုလ်စွဲခဲ့သည်။

 

MNL အမှတ်ပေးပြိုင်ပွဲကို ၂၀ဝ၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး လာမည့်ရာသီတွင် ၁၂ ရာသီမြောက် ကျင်းပမည်ဖြစ်ကာ ပြီးခဲ့သည့် ၁၁ ကြိမ်တွင် ရန်ကုန်အသင်းက ငါးကြိမ်၊ရတနာပုံအသင်းက လေးကြိမ်နှင့် ရှမ်းယူနိုက်တက်အသင်းက နှစ်ကြိမ် ဗိုလ်စွဲထားသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်

 

mdn