နယူးယောက် ၉ ဇွန်
၂၀၂၀ ပြည့်နှစ်တွင် ခရီးသွားလုပ်ငန်းနှင့် အခြားစီးပွားရေးစွန့်စားမှုများအတွက် နိုင်ငံတကာအာကာသစခန်း (အိုင်အက်စ်အက်စ်) ကို ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း နာဆာက ယမန်နေ့က ကြေညာခဲ့သည်။
အိုင်အက်စ်အက်စ်သို့ သွားရောက်မည့် တစ်ညတာ ခရီးစဉ်အတွက် အမေရိကန်ဒေါ်လာ ၃၅၀ဝ၀ ခန့် ကျသင့်မည်ဖြစ်ပြီး အသွားအပြန်ခရီးစဉ်တစ်ခုလုံးအတွက်မူ အမေရိကန်ဒေါ်လာ အတော်များများ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
ယခင်က တစ်ခါမှမလုပ်ခဲ့ဖူးသော စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများနှင့် အဆိုပါအခွင့်အလမ်းများအပေါ် ဈေးကွက်ရရှိရေးအတွက် နာဆာက နိုင်ငံတကာအာကာသစခန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း နာဆာဘဏ္ဍာရေးဆိုင်ရာ အကြီးအကဲ ဂျက်ဖ်ဒီဝစ်က ကြေညာခဲ့သည်။
နာဆာသည် တစ်နှစ်လျှင် အိုင်အက်စ်အက်စ်သို့ ခရီးစဉ်နှစ်ခုစီစဉ်ပေးထားပြီး ခရီးစဉ်တစ်ခုလျှင် အနည်းဆုံး ရက် ၃၀ ကြာမြင့်မည်ဖြစ်ကြောင်း ပြောသည်။
ပထမဆုံးခရီးစဉ်သည် ၂၀၂၀ ထက်နောက်မကျနိုင်ဘဲ စောဖို့ရှိကြောင်း သိရသည်။
ခရီးစဉ်တစ်ခုလုံး ခုံတစ်ခုံစာနေရာအတွက် ခန့်မှန်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာသန်း ၅၀ ထက်မနည်း ကုန်ကျနိုင်ကြောင်း သိရသည်။ ထို့အပြင်နာဆာက ခရီးသွားများအတွက် အစားအစာ၊ ဆက်သွယ်ရေး၊ ရေနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးတို့ အတွက်လည်း ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တစ်နှစ်လျှင် အိုင်အက်စ်အက်စ်သို့ ခရီးသွားဒါဇင်နှင့်ချီ သွားရောက်နိုင်ကြောင်းလည်း သိရသည်။ အာကာသသို့ သွားရောက် လေ့လာမည့်သူများသည် အမေရိကန်ကုမ္ပဏီနှစ်ခုနှင့် ချိတ်ဆက်ရမည်ဖြစ်ပြီး ယင်းကုမ္ပဏီနှစ်ခုမှာ စပေ့အိတ်ချ်နှင့် ဘိုးရင်းတို့ ဖြစ်ကြောင်း သိရသည်။
ယင်းကုမ္ပဏီနှစ်ခုက စီစဉ်ပေးသည့် အာကာသစခန်းသို့ ပို့ဆောင်ရေးယာဉ်များမှာ ခရူးဒရက်ဂွန်နှင့် စတားလိုင်နာတို့ဖြစ်ပြီး ၎င်းတို့မှာလည်း အဆင်သင့်မဖြစ်သေးကြောင်း သိရသည်။ ပို့ဆောင်ရေးယာဉ်များမှာ ၂၀၁၉ နှောင်းပိုင်းတွင် အဆင်သင့်ဖြစ်မည်ဟု ခန့်မှန်းရသောကြောင့် အာကာသသို့ သွားရောက်မည့် ခရီးစဉ်မှာလည်း အဆိုပါ ယာဉ်နှစ်စင်း အဆင်သင့် ဖြစ်မဖြစ်အပေါ် မူတည်နေကြောင်းသိရသည်။ သို့သော်လည်း အာကာသသို့ သွားရောက်မည့်ခရီးစဉ်သည် ၂၀၂၀ ထက် နောက်မကျဘဲ အဆင်သင့် ဖြစ်မည်ဖြစ်ကြောင်း သိရသည်။
အေအက်ဖ်ပီ