ဆောင်းပါး - တာရာ၊ ဓာတ်ပုံ – ကျော်ဇင်ထိုက်
အုတ်တွင်းမြို့နယ်နှင့် ထန်းတပင်မြို့နယ်ကို စစ်တောင်းမြစ်က ပိုင်းခြားထားသည်။ ထန်းတပင်မြို့နယ်သည် စစ်တောင်းမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိပြီး အုတ်တွင်းမြို့နယ်သည် အနောက် ဘက်ကမ်းတွင် တည်ရှိသည်။ စစ်တောင်းမြစ်သည် မကျယ်လှသော်လည်း အရှေ့ဘက်ကမ်းရှိ မြို့ ရွာများနှင့် အနောက်ဘက်ကမ်းရှိ မြို့ ရွာများသည် မြစ်ကြားခံနေပြီး တံတားမရှိသဖြင့် တစ်ဖက်နှင့်တစ်ဖက် လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုမှာ တိုးတက်သင့်သလောက်၊ အောင်မြင်သင့်သလောက် ခရီးမပေါက် ဖြစ်ခဲ့ရသည်။
“အုတ်တွင်းနဲ့ ထန်းတပင်မြို့နယ်ကို စစ်တောင်းမြစ်က ပိုင်းခြားထားတဲ့အတွက် မိုးတွင်းကာလဆိုရင် လမ်းပန်းဆက်သွယ်ရေးက ခက်ခဲတယ်။ မိုးတွင်းဆိုရင် စစ်တောင်းမြစ်ရေကြီးတယ်။ စစ်တောင်းမြစ်က မကျယ်ဘူးဆိုပေမယ့် နီးလျက်နဲ့ ဝေးနေတယ်။ အဆင်ပြေသလိုလှေ၊ စက်လှေနဲ့ အခကြေး ငွေပေးပြီး ကူးကြရတယ်။ ကူးတို့ဆိပ်ကလည်း နေ့ခင်းဘက်ပဲဖွင့်ပြီး ညဘက်ဆိုရင် မကူးကြတော့ဘူး။ ညဘက်မှာ အကြောင်းကြောင်းကြောင့် အရေးပေါ်လူနာရှိပြီဆိုရင် အတော့်ကို အခက်အခဲဖြစ် ကြရတယ်။ အဲဒီလိုနဲ့ပဲ အသက် ဆုံးရှုံးကြရတာတွေရှိခဲ့တယ်” ဟု ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆) မှ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦးက ပြောသည်။
ပညာရေးတွင် မြစ်ကူးချောင်းခြားသွားပြီး ပညာသင်ရန် အခက်အခဲရှိသည့်အတွက် ကျောင်းထွက်လိုက်ရသည်လည်း ရှိသကဲ့သို့ တက္ကသိုလ်ကျောင်းသူ ကျောင်းသားများ စနေ၊ တနင်္ဂနွေကျောင်းပိတ်၍ သောကြာနေ့ ညနေပြန်လာရာ၌ ကူးတို့မရှိတော့သည့် အခါတွင်လည်း အခက်အခဲကြုံရတတ် သည်ဟုသိရသည်။
“ အခြားဒေသတွေ၊ ရေကြည်ရာမြက်နုရာသွားရောက် လုပ်ကိုင်တဲ့သူတွေ ကိုယ့်အရပ်ဒေသကို ပြန်လာတဲ့အခါ ညမှောင်ရင် တစ်ဖက်ကမ်းကိုကူးလို့ မရတဲ့အတွက် မိုးလင်းပေါက်နေကြရတဲ့ အနေအထားတွေလည်း ရှိခဲ့တယ်။ ထန်းတပင်က မြို့လေးကသေးပြီး ဒီဘက်ကတောင်ငူလို မြို့ကြီးတွေနဲ့ အခြားမြို့နယ်တွေကို ဆက်သွယ်ဖို့အတွက် ဒီစစ်တောင်းမြစ်ကြီးက ပိုင်းခြားထားတဲ့အခါ မြွေကိုက်တာတို့၊ ကလေးမွေးလူနာတို့ အရေးပေါ်တွေ ဖြစ်လာတဲ့အခါ အသက်တွေ ဆုံးရှုံးခဲ့ရတာတွေရှိတယ်။ ကျန်းမာရေးတွေလည်း ဖွံ့ဖြိုးမှု နှောင့်နှေးခဲ့ရတယ်” ဟု ဦးမင်းဦးက ဆိုသည်။
ရန်ကုန်၊ မန္တလေးမြို့ ကြီးများနှင့် အခြားမြို့များသို့ အရေးပေါ် အချိန်နှင့် တစ်ပြေးညီ သွားရောက်ချင်သော်လည်း ညအချိန် မြစ်ကိုဖြတ်ကူးရန် အခက်အခဲကြောင့် အချိန် တစ်ရက် နောက်ဆုတ်လိုက်ရသည်များ ရှိသလို ဖြတ်ကူးပေးမည့် လှေ၊ စက်လှေ အချိန်မမီတော့သည့်အတွက် ရထားလက်မှတ်၊ ကားလက်မှတ် ဆုံးရှုံးခံလိုက်ရသည်မှာ လည်း ထိုဒေသခံတို့ မကြာခဏ ကြုံတွေ့နေရမှုများပင် ဖြစ်သည်။
ထို့ပြင် လှေ၊ စက်လှေတို့ဖြင့် အဆင်ပြေသလို ကူးရသည့်အတွက် လှေနစ်ခြင်း၊ လှေမှောက်ခြင်းများလည်း ကြုံရတတ်သေးသည်ဟုလည်း ဒေသခံအချို့က ဆိုကြသည်။
ထိုသို့သော အခက်အခဲများကြောင့် စစ်တောင်းမြစ်ကူး တံတား တည်ဆောက်နိုင်ရေးအတွက် အမျိုးသားလွှတ်တော်တွင် တင်ပြတောင်းခံပုံနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦးက “ကျွန်တော်က အုတ်တွင်း၊ ထန်းတပင် နှစ်မြို့နယ်ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်ဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး နှစ်မြို့နယ်လုံးကို လွှမ်းခြုံပြီး အကျိုးပြုမယ့် ကိစ္စရပ်တွေကို စဉ်းစားရပါတယ်။ ဒါကြောင့် ဒေသခံပြည်သူတွေ တကယ်လိုလား တောင့်တခဲ့ကြတဲ့ စစ်တောင်းမြစ်ကူးတံတားကို လွှတ်တော်ကတစ်ဆင့် တောင်းခံဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကျွဲကူးရေပါဆိုသလို တံတားနဲ့ ဆက်စပ်တဲ့လမ်းပိုင်းတွေ၊ လမ်းပိုင်းပေါ်မှာရှိတဲ့ တံတားငယ်လေးတွေပါ ကောင်းမွန်သွားတာပေါ့” ဟု ဆို သည်။
ဦးမင်းဦးသည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အုတ်တွင်း၊ ထန်းတပင်မြို့နယ်တို့ကို ကိုယ်စားပြု၍ ရွေးချယ်တင်မြှောက်ခံခဲ့ရသူဖြစ်သည်။ ၎င်း၏ ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် အမျိုးသားလွှတ်တော်မှတစ်ဆင့် ထန်းတပင်- မြင်းစု (အုတ်တွင်း) စစ်တောင်းမြစ်ကူးတံတား ကို တင်ပြ တောင်းခံပေးနိုင်ခဲ့သည့်အတွက် ၂၀၁၅ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သဖြင့် ဒေသခံပြည်သူများ အဆင်ပြေချောမွေ့စွာ အသုံးပြုနေလျက်ရှိသည်။ ဦးမင်းဦးအနေ ဖြင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း အဆိုပါ မဲဆန္ဒနယ်မှ ထပ်မံ၍ ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။ ၎င်း၏ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် အမျိုးသား လွှတ်တော်မှတစ်ဆင့် တင်ပြတောင်းခံခဲ့မှုကြောင့် အုတ်တွင်း မြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့ကို ဆက်သွယ်ပေးမည့် ဒုတိယမြောက် စစ်တောင်းမြစ်ကူးတံတားဖြစ်သည့် ကျွဲပွဲ - မြို့စိုး တံတားသည် ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင် တည်ဆောက် ပြီးစီးတော့မည်ဖြစ်သည်။
စစ်တောင်းမြစ်ကူးတံတား (မြို့စိုး)သည် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲ - မြို့စိုး - ဇရပ်ကြီးလမ်းပေါ်တွင် တည်ရှိပြီး ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်း ၄၈၀ဝ ဖြင့် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် တံတားတည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့ ၁၀ မှ တာဝန်ယူကာ စတင်တည်ဆောက် နေခြင်းဖြစ်သည်။
တံတားအမျိုးအစားမှာ အပေါ်ထည် RC Girder, Plate Girder နှင့် RC Slab & Hand Rail တို့ဖြစ်ကာ ကိုယ်ထည် သံကူကွန်ကရစ်၊ အုတ်မြစ်ကို ၁ ဒသမ ၂ မီတာ အချင်းရှိ ဘိုးပိုင်တို့ဖြင့် တည်ဆောက်ထားပြီး တံတား အရှည်ပေ ၁၂၀ဝ၊ ယာဉ် သွားလမ်းအကျယ် ၂၄ ပေ၊ လူသွား လမ်းတစ်ဖက်လျှင် ၃ ပေ စီပါရှိပြီး ရေလမ်းကင်းလွတ်အကျယ် ၁၀၂ ပေ၊ အမြင့် ၈ ပေရှိကာ ယာဉ်တစ်စီးချင်းခွင့်ပြု အလေး ချိန်မှာ H.S - 25 - 44 (Load Class) ဖြစ်ကြောင်း သိရှိရသည်။
စစ်တောင်းမြစ်ကူးတံတား (မြို့စိုး) သည် အထူးသဖြင့် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲဒေသနှင့် အနီးပတ်ဝန်းကျင်ကျေးရွာ အုပ်စုများရှိ ဒေသခံပြည်သူများနှင့် ထန်းတပင်မြို့နယ်၊ ဇရပ်ကြီး၊ ကင်မွန်းခြုံဒေသနှင့် အနီးပတ်ဝန်းကျင် ကျေးရွာ အုပ်စုများရှိ ဒေသခံပြည်သူတို့၏ စိတ်ကူးယဉ် အိပ်မက်တစ်ခုလည်း ဖြစ်သည်။
“ဒီတံတားတွေက ဒေသအတွက် တကယ်လိုအပ်တယ်။ ဒေသခံပြည်သူတွေကလည်း မျှော်လင့်တောင့်တနေကြတာ ကြာပြီ။ ခေတ်အဆက်ဆက် ဒါလေးဖြစ်မယ်၊ ဖြစ်မယ်ဆိုပြီး စိတ်ကူးခဲ့ကြတာ။ တကယ်နှစ်ပေါင်းများစွာ စိတ်ကူးယဉ် အိပ်မက်က အမှန်ဖြစ်လာခဲ့တယ်။ အကောင်အထည်ပေါ်လာခဲ့တယ်” ဟု ဒေသခံ ကိုစိုးမင်းက ပြောသည်။
တပ်မတော်အစိုးရလက်ထက်ကတည်းက ထန်းတပင်နှင့် အုတ်တွင်းမြို့ကို ဆက်သွယ်မည့် ကျွဲပွဲ - မြို့စိုးတံတားတည် ဆောက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက တိုင်းတာမှုများ (Survey) လုပ်ဆောင်ခဲ့သော်လည်း လုပ်ငန်းများ စတင်နိုင် ခြင်းမရှိခဲ့ကြောင်း သိရသည်။
“ကိုယ်တိုင်လည်း သွားလာနေတော့ ဒေသခံလူထုရဲ့ အခက်အခဲကိုသိတယ်။ သူတို့အတွက်တော့ တကယ့်ကိုဘုရားပေးတဲ့ လက်ဆောင်လို့ ခံစားရတယ်။ မြစ်ဖြတ်ပြီး ဆက်ထားတယ်ဆိုပေမယ့် ဒီတံတားက ကျွဲပွဲမြို့ကတစ်ဆင့် ကင်မွန်းခြုံ ဇရပ်ကြီးကနေ သံတောင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်တို့ကို လည်းသွားလို့ရမယ်။ နောက်ပြီး အုတ်ဖြတ်မှတစ်ဆင့် ဖြူးမြို့နယ်ကိုပါ သွားလို့ရတာဖြစ်တဲ့အတွက် ဒီတံတားက နှစ်မြို့နယ်ဆက်တဲ့ စစ်တောင်းမြစ်ကူးတံတားဆိုသော်လည်း ၃-၄ မြို့နယ်လောက်အထိကို အကျိုးပြုမှုများတဲ့ တံတားကြီး ဖြစ်တယ်။ အဲဒီအပြင် ထန်းတပင်ဘက်ကနေ သံတောင်၊ ဇရပ်ကြီး၊ ကင်မွန်းခြုံဘက်က ကူးလာရင် ကျွဲပွဲမြို့ကို ရောက်တဲ့ အခါ ရန်ကုန်-မ္တလေးအမြန်လမ်းကို ရောက်သွားမယ်။ အဲဒီ ကနေ ခရီးဆက်ပြီး မိမိအလိုရှိရာ ဒေသတွေကို လွယ်ကူစွာ သွားလာနိုင်မှာဖြစ်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေးက သွက်လက်ကောင်းမွန်သွားမှာ ဖြစ်ပါတယ်” ဟု ဦးမင်းဦးက ပြောသည်။
စစ်တောင်းမြစ်ကူးတံတား(မြို့စိုး)သည် ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ ဘတ်ဂျက်ခွင့်ပြုထားပြီး ချဉ်းကပ်လမ်းလည်း ဆောင်ရွက်နေပြီဖြစ်သည်။ စစ်တောင်းမြစ်ကူးတံတားမြို့စိုး တည်ဆောက်ရေးစီမံကိန်းတွင် တာဝန်ခံ အင်ဂျင်နီယာဖြစ်သူ ဦးမြင့်ဝင်းက “အခုဆိုရင် ရေလယ်တိုင် နှစ်တိုင်ရဲ့ ဖောင်ဒေးရှင်း တွေတော့ ပြီးသွားပါပြီ။ အပေါ်ထည်တွေ ဆက်လုပ်နေပါတယ်။ တံတားကြီးတစ်စင်းလုံးကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီမှာ ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်” ဟုပြောသည်။
ထိုဒေသတွင် ဗမာအပါအဝင် မွန်၊ ပအိုဝ်း၊ ကရင် စသည့် တိုင်းရင်းသားများ အများစုနေထိုင်ကြပြီး ကွမ်း၊ ကွမ်းသီး၊ ဆန်၊ ပဲ ၊ ဖာလာ၊ ဒူးရင်း၊ ပိန္နဲ၊ ဖရဲနှင့် မင်းကွတ်စသည့် သီးနှံပင်တို့ကို စိုက်ပျိုးလေ့ရှိကြသည်။
“အဲဒီဒေသက မွန်၊ ပအိုဝ်း၊ ကရင် တိုင်းရင်းသားပေါင်းစုံ နေထိုင်တယ်။ တိုင်းရင်းသားတွေ စုစည်းပြီးနေတဲ့ မြို့လေးတွေ ဖြစ်တဲ့အတွက် တိုင်းရင်းသားချစ်ကြည် ရင်းနှီးရေးအတွက်ပါ အကျိုးပြုစေပါတယ်။ ဒေသခံတွေ ပျော်ရွှင်ဝမ်းမြောက်စေပြီး ဘက်ပေါင်းစုံက ကြည့်မယ်ဆိုရင်လည်း တကယ်အကျိုးရှိတဲ့ တံတားတစ်ခုဖြစ်ပါတယ်” ဟု ဦးမင်းဦး က ပြောသည်။
ထိုဒေသမှ ထွက်ရှိသည့် စိုက်ပျိုးထွက်ကုန်များကို ယခင်က လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ပွဲရုံများမှ လာကောက်သည့် ဈေးနှင့်ပင် ရောင်းချခဲ့ကြသော်လည်း တံတားကြီး တည်ဆောက်ပြီးစီးပါက ဆိုင်ကယ်ဖြင့်ပင် သွားရောက်ရောင်းချ နိုင်ပြီဖြစ်သည်။
“ဒီဒေသထွက်တဲ့ ကုန်စည်တွေကို နီးနီးနားနားဖြစ်တဲ့ ဒီဘက်ကမ်းကို ကူးလိုက်တာနဲ့ ကျွဲပွဲ၊ ဟိုဘက်ဆို တောင်ငူလောက်အထိ အလွယ်တကူ သွားလာနိုင်မယ်ဆိုရင် သူတို့ ဒေသထွက်ကုန်တွေကို မြို့ပေါ်မှာရှိတဲ့ ကုန်စည်အဝယ်ဒိုင်တွေအထိ ပို့နိုင်မယ်ဆိုရင် ဈေးကောင်းလည်းရမယ်။ ဝင်ငွေတွေ တိုးလာပြီး သူတို့ရဲ့ လူမှု စီးပွားဘဝတွေလည်း ဖွံ့ ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
တံတားကြီးဖြစ်ပေါ်လာသည့်အတွက် နောက်ကျခဲ့ရသော ကုန်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးအစရှိသည့် လူမှုစီးပွားဘဝဖွံ့ဖြိုးမှု ကိစ္စရပ်များမှာ တိုးတက်လာမည်ဖြစ်သည်။ တံတားတည်ဆောက်ပြီးစီးမှုအပေါ် ဒေသခံတစ်ဦးဖြစ်သူ ကိုစိုးမင်းက “ဒီတံတားတွေ မဆောက်ခင်တုန်းက ယာယီတံတား ဆိုတာက ၄-၅ လလောက်ပဲ သွားရေး၊ လာရေးအဆင်ပြေတယ်။ ကျန်တဲ့လတွေမှာ အခက်အခဲဖြစ်ကြရတယ်။ ကျန်းမာရေးတစ်ခုခု ဖြစ်လာရင် ဒါမှမဟုတ် ကူးသန်းရောင်းဝယ်ရေးကအစ ဒုက္ခတွေ ရောက်ခဲ့တယ်။ ဒီတံတားဆောက်ပြီးရင်တော့ တောင်သူတွေ အနေနဲ့ရော ဒေသခံပြည်သူတွေ အရောင်းအဝယ်အနေနဲ့ပါ အားလုံးအဆင်ပြေသွားမှာပါ။ တောင်သူတွေအနေနဲ့ ကုန်သည်တွေကို တိုက်ရိုက်ရောင်းချနိုင်မယ်။ ဈေးသည်တွေအနေနဲ့လည်း တိုက်ရိုက်ဝယ်ပြီး ရောင်းချနိုင်မယ်။ သယ်ယူစရိတ်တွေ၊ ပို့ဆောင် စရိတ်တွေကအစ သက်သာပြီး အဆင်ပြေချောမွေ့လာမှာပါ”ဟု မှတ်ချက်ပြုသည်။
တောင်ငူခရိုင် အုတ်တွင်းမြို့နယ်နှင့် ထန်းတပင်မြို့နယ် တို့ကို ဆက်သွယ်ထားသော ကျွဲပွဲ-မြို့စိုး-ဇရပ်ကြီးလမ်းပိုင်းသည် ယခုတည်ဆောက်နေသည့် ပေ ၁၂၀ဝ အရှည်ရှိ စစ်တောင်း မြစ်ကူးတံတား(မြို့စိုး) အပါအဝင် အရှည် ၉ မိုင် ၁ ဒသမ ၅၆ ဖာလုံရှိသည်။ လက်ရှိလမ်းအခြေအနေမှာ ကတ္တရာလမ်း ၄ မိုင် ၁ ဖာလုံခွဲ၊ ကျောက်လမ်း ၄ မိုင် ၁ ဖာလုံခွဲ နှင့် မြေသား လမ်း ၁ ဖာလုံခွဲရှိပြီး မြို့စိုးတံတားချဉ်းကပ်လမ်းမှာ ၄ ဒသမ ၆၅ ဖာလုံဖြစ်သည်။ ၁၀၅ ပေ သံကူကွန်ကရစ်တံတား တစ်စင်း၊ ပေ ၅၀ အောက် တံတား ခုနစ်စင်း၊ ဘေလီတံတား တစ်စင်း၊ သံကူကွန်ကရစ်တံတား နှစ်စင်း စုစုပေါင်းတံတား ၁၂ စင်း တည်ရှိ သည်။
တံတားတည်ဆောက်ပြီးစီးချိန်တွင် တံတားကိုဖြတ်လျက် ကျွဲပွဲ - မြို့စိုး - ဇရပ်ကြီး လမ်းကို ယာဉ်ကြီး၊ ယာဉ်ငယ်၊ ဆိုင်ကယ်၊ စက်ဘီးနှင့် ခြေကျင်ပါ အသုံးပြုနိုင်တော့မည် ဖြစ်သည်။ စစ်တောင်းမြစ်ကူးတံတား (မြို့စိုး)နှင့် ဆက်စပ်၍ တံတားနှင့်လမ်းကို ဒေသခံပြည်သူများ တစ်ပြိုင်တည်း အသုံးပြုနိုင်ရေးအတွက် အုတ်တွင်းမြို့နယ်နှင့် ထန်းတပင် မြို့နယ်တို့တွင် တည်ရှိသော ကျွဲပွဲ - မြို့စိုး - ဇရပ်ကြီးလမ်း ပိုင်းနှင့် ယင်းလမ်းပေါ်ရှိ တံတားများအား အဆင့်မြှင့်တင် ဆောင်ရွက်ရန် ၂၀၁၉ ခုနှစ် မေလ ၃ ရက်တွင် ကျင်းပခဲ့ သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂) ကြိမ် မြောက် ပုံမှန်အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦးက မေးခွန်းမေးမြန်းခဲ့သည်။
အဆိုပါ မေးခွန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးကျော်လင်း က “မြို့စိုးတံတားရဲ့ ချဉ်းကပ်လမ်းနဲ့ မြေသားလမ်းပိုင်း ကတ္တရာခင်းခြင်းလုပ်ငန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ အပြီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုနဲ့ တိုင်းဒေသကြီးရန်ပုံငွေ ၄၃၄ သန်းနဲ့ ကျောက် ချောလမ်း ၃ မိုင် ၆ ဖာလုံခွဲကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့် တင်ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး သစ်သားတံတား သုံးစင်း ကို R.C.C Box Culvert များအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ရန် ရန်ပုံငွေလျာထားတောင်းခံထားပြီး ဖြစ်ပါ တယ်”ဟု ဖြေကြားခဲ့သည်။
ထို့ပြင် ဆက်လက်၍ အုတ်တွင်းမြို့နယ်နှင့် ထန်းတပင် မြို့နယ်တို့ကို ဆက်သွယ်ထားသော ကျွဲပွဲ-မြို့စိုး-ဇရပ်ကြီး လမ်းပိုင်းတွင်တည်ရှိသည့် တံတား ၁၂ စင်းကို ၂၀၂၀-၂၀၂၁ တွင် ရန်ပုံငွေတင်ပြတောင်းခံပြီး အဆင့်မြှင့်တင်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ဖြေ ကြားခဲ့သည်။
ထိုကဲ့သို့ စစ်တောင်းမြစ်ကူးတံတား(မြို့စိုး) နှင့် ဆက်စပ်သည့် လမ်းပိုင်းနှင့် တံတားငယ်များ အဆင့်မြှင့်တင်ဆောင်ရွက်ပေးမှုများကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦး က “ဒီဒေသခံတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ဖို့ ပြည်သူ့ လိုအပ်ချက်ကို အကောင်အထည်ဖော် ပေးနိုင်ခဲ့တယ်လို့ မြင်တယ်။ ဒေသခံပြည်သူတွေလည်း ပျော်တယ်၊ ကျေနပ်တယ်။ ကိုယ့်ဒေသရဲ့ လိုအပ်ချက်ကို ပြည်သူတွေ ကိုယ်စားတင်ပြ တောင်းခံပေးနိုင်ခဲ့တဲ့အတွက် ကျွန်တော်လည်း ကျေနပ်ခဲ့ရတယ်။ ပြည်သူတွေရဲ့ အမှန်တကယ်လိုအပ်ချက်ကို အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်ပေးတဲ့ ဝန်ကြီးဌာနနဲ့ အစိုးရကိုလည်း ဒေသခံပြည်သူတွေကိုယ်စား ကျေးဇူးတင်ပါတယ်”ဟု ပြောကြားသည်။
ဒေသခံကိုစိုးမင်းက “ဘယ်အချိန်ပဲသွားသွား သွားလာနိုင်တော့မှာ ဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေရဲ့ အခက်အခဲပေါင်းများစွာကို ဒီတံတားကြီးက ဖြေရှင်းပေးနိုင်တော့ မှာပါ။ တံတားနဲ့ ဆက်သွယ်ထားတဲ့ ကျွဲပွဲလမ်းပိုင်းပေါ်က တံတားတွေ၊ ထန်း တပင်၊ ဇရပ်ကြီး၊ ကင်မွန်းခြုံဘက်က ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေပေါ်က တံတားငယ်လေးတွေပါ ကောင်းမွန်သွားမယ်ဆိုရင်တော့ ဒေသခံပြည်သူရဲ့ မျှော်လင့်ချက်စိတ်ကူး အိပ်မက်တွေ ပြည့်ဝသွားပြီလို့တောင် ပြောလို့ရပါတယ်” ဟု ဆိုသည်။
မြန်မာ့အလင်း