နေပြည်တော်  ၂၇ ဒီဇင်ဘာ

            

၂၀၂၀ ခုနှစ် နှစ်စဉ်လုပ်သားအင်အားစစ်တမ်း (ပထမအကြိမ်) ကောက်ယူမှု အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က စာရင်းကောက်မှုနှင့်စပ်လျဉ်း၍ အရည်အသွေးရှိသည့် စာရင်းအင်းများရရှိမှသာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မှန်ကန်သည့် မူဝါဒများ ချမှတ်နိုင်မည်ဖြစ်ကြောင်း၊ စစ်တမ်းကောက်ယူမှုလုပ်ငန်းစဉ်များ အောင်မြင်အောင်ဆောင်ရွက်ရာတွင် ကြီးကြပ်ရေးမှူး၊ စာရင်းကောက် ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အရေးကြီးသဖြင့် စာရင်းမှန်ရရှိရေး အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

Tablet ဖြင့် စစ်တမ်းကောက်ယူမှု အလုပ်ရုံဆွေးနွေးပွဲတွင် အိမ်ထောင်စုစာရင်းစဉ် Update ပြုစုခြင်း၊ လုပ်သားဆိုင်ရာ အယူအဆ၊ အဓိပ္ပါယ်သတ်မှတ်ချက်များ၊ အပြည်ပြည်ဆိုင်ရာ အလုပ်အကိုင် အမျိုးအစားခွဲခြားရေး စံထားအညွှန်းနှင့် အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်း အမျိုးအစားခွဲခြားခြင်း စံချိန်စံညွှန်းအသုံးပြုပုံ၊ အိမ်ထောင်စုများ၏ နေထိုင်စားသုံးစရိတ်များ ဆိုင်ရာမေးခွန်းများ၊ ကဏ္ဍအမျိုးမျိုးရှိ လုပ်သားများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ထိခိုက်ဒဏ်ရာရရှိမှုဆိုင်ရာ တို့ကို ဆွေးနွေးကြမည်ဖြစ်သည်။

 

၂၀၂၀ ခုနှစ် နှစ်စဉ်လုပ်သားအင်အားစစ်တမ်း (ပထမအကြိမ်)ကို ကြီးကြပ်ရေးမှူး ၁၅ ဦးနှင့် စာရင်းကောက်သူ ၈၀ က ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ မတ်လထိ ကွင်းဆင်း စာရင်းကောက်ယူကြ မည်ဖြစ်သည်။

 

သန့်ဇော်