တောင်ကြီး   ၃၀   ဇွန်

 

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးထင်ကျော်က  အဖွင့်အမှာစကား ပြောကြားရာတွင် ရွေးကောက်ပွဲ ကာလသည် ပိုမိုနီးကပ်လာပြီဖြစ်သည့်အတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ  အဆင့်အလိုက် ဆောင်ရွက်လျက် ရှိပါကြောင်း၊  ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်မြေများကို ပိုင်းခြားသတ်မှတ်၍ ဇွန် ၂၉ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှထုတ်ပြန် ကြေညာပြီးဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲဝင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရေးကိုလည်း သက်ဆိုင်ရာ ပါတီများမှ စိစစ်ရွေးချယ်ဆောင်ရွက်နေတာကို တွေ့မြင်နေရပါကြောင်း၊ ပြည်နယ်ကော်မရှင် အဖွဲ့ခွဲ အနေနဲ့လည်း မဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများ မဲပေးခွင့် ဆုံးရှုံးမှုမရှိစေရေး အဆင့်ဆင့် စိစစ်ဆောင် ရွက်လျက် ရှိပါကြောင်း၊ ပထမအကြိမ် မဲစာရင်း မကပ်မီအချိန်အထိ စနစ်တကျစိစစ်ခြင်း၊ပြုပြင်ခြင်းများ ဆောင်ရွက်ရန် စီမံထားရှိပါကြောင်း၊ ရွေးကောက်ပွဲ ကျင်းပရာတွင်ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန် ကြားချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးကိုလည်း သက်ဆိုင်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးညှှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း စသည်ဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားပါသည်။

 

ထို့နောက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဇော်မြင့်ဝင်းက ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲမှ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့်ခရိုင်အလိုက် တာဝန်ယူဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့် အတွင်းရေးမှူးတို့က တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ၊ အဖွဲ့ဝင်များ၊ တောင်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ၊ အဖွဲ့ဝင်များ၊ ဟိုပုံးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် တာဝန်ရှိသူများ၊  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

စိုးညွှန့်ရွှေ (ပြည်နယ်ပြန်/ဆက်)