နေပြည်တော် ၁၆ အောက်တိုဘာ
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းသုံးစာအုပ်များ အရည်အသွေးပြည့်မီစွာ ပုံနှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေးအတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၄/၂၀၂၀)ကို ယနေ့နံနက် ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေး ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာဝန်ကြီးဌာနများမှ တစ်ဆင့် ချိတ်ဆက်ပါဝင် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ အရည်အသွေးပြည့်မီစွာ ပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်များကို ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေး ဆပ်ကော်မတီနှင့် ကျောင်းသုံးစာအုပ်များဖြန့်ချိရေး ဆပ်ကော်မတီတို့ကို တာဝန်ယူထားသည့် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ဦးဝင်းမော်ထွန်းတို့က ပြီးခဲ့သည့် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြပါကြောင်း၊ အဆိုပါအစည်းအဝေးဆုံးဖြတ်ချက်များနှင့် တချို့အချက်များကို ယနေ့အစည်းအဝေးတွင် ထပ်မံဆွေးနွေး ဆုံးဖြတ်ချက်ရယူ အတည်ပြုသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းသုံးစာအုပ်များ ပုံနှိပ်ဖြန့်ချိရေးအတွက် အချိန်မီဆောင်ရွက်ပေးခြင်းနှင့် အရည်အသွေးကောင်းမွန်ရေးအတွက် စနစ်တကျ လုပ်ထုံးလုပ်နည်းနှင့်အညီ ဦးစီးဆောင်ရွက်ပေးသည့် ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများကို ပညာရေးဝန်ကြီးဌာနကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသုံးဖတ်စာအုပ်များကို ပြုစုလျက်ရှိပါကြောင်း၊ အချိန်မီ ပြုစုပြီးစီးရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသုံးစာအုပ်အသစ်များကို အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီက အတည်ပြုပေးပို့လာသည်နှင့် ပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ ဒုတိယဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၀)တွင် မှတ်တမ်းတင် ဆုံးဖြတ်နိုင်ရန် အချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ကျောင်းသုံးစာအုပ်များ ဖြန့်ချိရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့က ဆပ်ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ရှိရသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို တင်ပြကြသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၀) ဆုံးဖြတ်ချက်များကို တင်ပြအတည်ပြု မှတ်တမ်းတင်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြည့်စွက်ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်


