၂၀၂၁ ဆီးဂိမ်းပြိုင်ပွဲ လှေလှော်အားကစားနည်းတွင် ရွှေဆု ၃၅ ခု ချီးမြှင့်မည်

ရန်ကုန်   မေ   ၁၇

မြန်မာလှေလှော်အဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ရန်စီစဉ်ထားသည့် ၂၀၂၁ (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ လှေလှော်အားကစားနည်းတွင် ရွှေတံဆိပ် စုစုပေါင်း ၃၅ ခု ချီးမြှင့်သွားမည်ဖြစ်သည်။

ပါဝင်လာခြင်းမရှိ

ဗီယက်နမ်အိုလံပစ်ကော်မတီသည် ၂၀၂၁ ဆီးဂိမ်းပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် အားကစားနည်းများ ထုတ်ပြန်ရာတွင် လှေလှော်အားကစားနည်း၌ အပြည်ပြည်ဆိုင်ရာလှေနှင့် ကနူးကယက် လှေအားကစား နည်းများ ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ရိုးရာလှေပြိုင်ပွဲ ပါဝင်လာခြင်းမရှိပေ။ ရိုးရာလှေအားကစားနည်း မှာ မြန်မာအားကစားအဖွဲ့ အားသာသည့် အားကစားနည်းဖြစ်သော်လည်း ဗီယက်နမ်နိုင်ငံအနေဖြင့် အားနည်းသဖြင့် ထည့်သွင်းမကျင်းပခြင်းဖြစ်သည်။

ဆီးဂိမ်း ကနူးကယက်အားကစားနည်းတွင် အမျိုးသားပြိုင်ပွဲ ခုနစ်မျိုး၊ အမျိုးသမီးပြိုင်ပွဲ ၁၂ မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ပြီး အမျိုးသားပြိုင်ပွဲတွင် မီတာ ၁၀၀၀ ပြိုင်ပွဲငါးမျိုးနှင့် မီတာ ၅၀၀ ပြိုင်ပွဲနှစ်မျိုး၊ အမျိုးသမီးပြိုင်ပွဲတွင် မီတာ ၁၀၀၀ ပြိုင်ပွဲငါးမျိုး၊ မီတာ ၅၀၀ ပြိုင်ပွဲငါးမျိုးနှင့် မီတာ ၂၀၀ ပြိုင်ပွဲနှစ်မျိုး ပါဝင်မည်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ လှေအားကစားနည်းတွင်မူ အမျိုးသားပြိုင်ပွဲ ရှစ်မျိုး၊ အမျိုးသမီးပြိုင်ပွဲရှစ်မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာလှေပြိုင်ပွဲမှ ရွှေတံဆိပ်  ၁၆ ခု၊ ကနူး ကယက်လှေပြိုင်ပွဲမှ ရွှေတံဆိပ် ၁၉ ခု ချီးမြှင့် သွားမည်ဖြစ်သည်။

မြန်မာလှေလှော်အဖွဲ့သည် ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ရန် ပဏာမကစားသမား ၃၀ ကျော်ဖြင့် စခန်းဝင် လေ့ကျင့်လျက်ရှိပြီး ကစားသမားများ၏ စံချိန်အပေါ်မူတည်၍ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲ အမျိုးအစားများ ရွေးချယ်သွားမည်ဖြစ်သည်။

ကိုညီလေး