ပေါက် အောက်တိုဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးစပါးရာသီ၌ တစ်ဧက တင်း ၁၀၀ နှင့်အထက် ထွက်ရှိရေး စံပြကွက် ဧက ၃၀ ကိုရွေးချယ်ခဲ့ရာ ယခုနှစ်မိုးရာသီတွင် မိုးလေဝသမှန်ကန်ပြီး စိုက်ပျိုးရေလုံလောက်စွာရရှိ၍ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
၂၀၂၁ ခုနှစ် မိုးရာသီတွင် မိုးစပါး တစ်ဧက တင်း ၁၀၀ နှင့်အထက် ထွက်ရှိရေးအတွက် ပေါက်မြို့နယ်တွင် ကျေးရွာ ၃ ရွာမှ တောင်သူ ၂၇ ဦး၏ ဧက ၃၀ ကို တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ထားရှိပြီး လိုအပ်သော သွင်းအားစုများ၊ စိုက်ပျိုးစရိတ်များ ထောက်ပံ့ပေးအပ်ကာ မိုးစပါးတင်း ၁၀၀ နှင့်အထက်ထွက်ရှိရေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဒီနှစ် မိုးစပါးစံပြကွက်များ စိုက်ပျိုးရာမှာ တစ်ဧက တင်း ၁၀၀ နှင့်အထက် ထွက်ရှိရေးအတွက် တောင်သူတွေကို မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးရန်၊ စိုက်ပျိုးနည်းစနစ်မှန်ကန်စေရန်၊ ဓာတ်မြေဩဇာ စနစ် တိကျသုံးစွဲ တတ်စေရန်၊ ပေါင်းမြက်များ အချိန်မီနှိမ်နင်းရန်၊ ကင်းထောက်မှတ်တမ်းယူပြီး ပိုးမွှားရောဂါကြိုတင် ကာကွယ်နှိမ်နင်းရန်၊ ရေသွင်းရေထုတ်မှန်ကန်ရန်၊ စိုက်ပျိုးရေ ချွေတာသုံးစွဲရန်၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးများ ပြုလုပ်သုံးစွဲရန် စတဲ့နည်းပညာတွေကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးပညာရှင်များက တောင်သူနည်းပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါတယ်ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းကိုက ပြောသည်။
စိုက်ပျိုးရေးတွင် မျိုး၊ မြေ၊ ရေ နည်းများကောင်း မွန်မည်ဆိုပါက အထွက်နှုန်းတိုးတက်ကောင်း မွန်လာမည်ဖြစ်ပြီး မိရိုးဖလာ စိုက်ပျိုးရေးနည်းစနစ်များဖြင့်သာ ကျေနပ်နေ၍မရဘဲ ခေတ်မီစိုက်ပျိုး ရေးနည်း စနစ်များ အသုံးပြု၍ အထွက်နှုန်းကောင်းပြီး အရည်အသွေးပြည့်မီသည့် စိုက်ပျိုး ရေးထုတ်ကုန်များ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း ၊ ၂၀၂၁ ခုနှစ် မိုးရာသီတွင် မိုးစပါးသီးနှံစုစုပေါင်း(၁၂၁၂၁)ဧက စိုက်ပျိုးထားကြောင်း၊ မျိုးစေ့ထုတ်စံပြကွက်ဧက(၂၁)၊ တစ်ဧက တင်း ၁၀၀ နှင့်အထက် ထွက်ရှိရေး စံပြကွက် ဧက (၃၀) တွင် ဧရာမင်း၊ ဆင်းသုခ စပါးမျိုးများကို ပျိုးသက်နုကောက်ကွက်ကြဲ(SRI)စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးထားရှိရာ လက်ရှိအချိန်တွင် ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဥမ္မာကျော်(ပြန်/ဆက်)


