နေပြည်တော်၊ နိုဝင်ဘာ ၁၅
၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နှစ်စဉ်ကျင်းပမြဲဖြစ်သည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို မတ် ၂၇ ရက် (တပေါင်းလပြည့်နေ့)တွင် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် သာသနာနွယ်ဝင် သီလရှင်များကို ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးဆိုင်ရာ သတ်မှတ်စည်းကမ်းများနှင့်အညီ နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ခဲ့သကဲ့သို့ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်တို့တွင်လည်း တစ်ချိန်တည်း တစ်ပြိုင်တည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ် ၁၂၄ ဦးတို့ကို သာသနာ နုဂ္ဂဟဘွဲ့တံဆိပ် ချီးမြှင့်ခြင်းကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများပြားနေသည့်အတွက် ခေတ္တ ဆိုင်းငံ့ထားခဲ့ရကြောင်း။
အဆိုပါ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်တော် ၈ မျိုးအနက် အမြင့်ဆုံး ဘွဲ့တံဆိပ် ၂ မျိုးဖြစ်သည့် အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဘွဲ့တံဆိပ်နှင့် အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ် ၃၉ ဦးတို့ကို ဇူလိုင် ၉ ရက်တွင် ဘွဲ့တံဆိပ် ချီးမြှင့်အပ်နှင်းပွဲအခမ်းအနား ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့သော်လည်း မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းအဖြစ် စတင်ဖြစ်ပွားခဲ့သောကြောင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအား အတိုင်းအတာတစ်ရပ်အထိ ထိန်းချုပ်ဆောင်ရွက်နိုင်သည့် အချိန်ရောက်ရှိမှသာ ပြန်လည်ကျင်းပရန် ထပ်မံရွှေ့ဆိုင်းခဲ့ရကြောင်း။
ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ညွှန်ကြားမှုအရ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဒီဇင်ဘာ ၁ ရက်တွင် နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
အဆိုပါအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းခဲ့သည့် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ ၈ ခုတို့ဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် လုပ်ငန်းသဘောသဘာဝအရ ဆောင်ရွက်နေကျဖြစ်သော်လည်း ယခင်ကျင်းပနေကျ နေရာဌာနနှင့် တူညီမှုမရှိသည့်အတွက် ကျင်းပမည့်နေရာ၏ အနေအထားကို ရှေးဦးစွာကြိုတင်လေ့လာပြီး မည်သို့ ပြင်ဆင်ခင်းကျင်း သင့်သည်ကို ဆပ်ကော်မတီများအချင်းချင်း ညှိနှိုင်းတိုင်ပင်ပြီး အကောင်းဆုံးဖြစ်ရန် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်က ဇွန် ၂၈ ရက်၌ ကျင်းပခဲ့သည့် ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/၂၀၂၁)၏ အစည်းအဝေးဆုံးဖြတ်ချက် ၂၅ ချက်အား ဖတ်ကြားတင်ပြသည်။
ဆက်လက်၍ ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းပွဲအခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအေးထွန်းက အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီ အသီးသီးအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စရပ် များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြသည်။
ထို့နောက် ဆပ်ကော်မတီ(၈)ခုတို့၏ ဥက္ကဋ္ဌများက သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုကို အသီးသီးဆွေးနွေးတင်ပြရာ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြောကြား၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၁)၏ အစည်းအဝေးဆုံးဖြတ်ချက် ၂၅ ချက်နှင့်အညီ ဆပ်ကော်မတီ တစ်ခုနှင့်တစ်ခု ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန်နှင့် လိုအပ်သည်များ လုပ်ငန်းကော်မတီကို တင်ပြဆောင်ရွက်သွားကြရန် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


