နေပြည်တော် ဩဂုတ် ၁၈
အခြေခံအဆင့် ခွဲစိတ်ထားသော သစ်ခွဲသားများကို ပြည်ပတင်ပို့ခွင့်မပြုတော့ဘဲ တစ်ဝက် တစ်ပျက်ကုန်ချော (Semi-finished)နှင့် ကုန်ချော (Finished) များကိုသာ ပြည်ပတင်ပို့ခွင့်ပြုခြင်းကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ စတင်ကျင့်သုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးမင်းမင်းဦး က ပြောကြားသည်။
ယနေ့ နံနက်ပိုင်းက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်အခြေခံ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတိ၏ ဒုတိယအကြိမ် အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး က ယင်းသို့ဆောင်ရွက်ရာတွင် တင်ပို့ခွင့်ပြုမည့် သစ်အခြေခံ ထုတ်ကုန်များ၏ အမျိုးအမည်နှင့် အဓိပ္ပါယ် ဖွင့်ဆိုချက်များကို နိုင်ငံတကာစံနှုန်းနှင့်အညီ သတ်မှတ် ပေးရန် လိုအပ်ကြောင်း၊ ထို့ပြင် သစ်ကုန်ချောများကိုသာတင်ပို့ရေးဦးတည်ရာတွင် သစ်အခြေခံ စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါသောအချက်ဖြစ်ပါကြောင်း၊ သစ်အခြေခံစက်မှုလုပ်ငန်း များသည် သစ်တောသယံဇာတကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းဖြစ်သဖြင့် နိုင်ငံပိုင်အဖိုးတန် သစ်တောသယံဇာတများ ရေရှည်တည်တံ့အောင် ထိန်းသိမ်း ကာကွယ်ရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးတို့အတွက် အရေးပါသောလုပ်ငန်းဖြစ်ပြီး၊ ယေဘုယျအားဖြင့် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏ အလုပ်အကိုင်နှင့် ဝင်ငွေ တိုးတက်ရေး အတွက်လည်း အလွန် အရေးကြီးပါကြောင်း၊ လက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ ကူးစက် ရောဂါကာကွယ် ထိန်းချုပ် ရေးလုပ်ငန်းစဉ်များကြောင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အကန့်အသတ်များ ရှိမည်ဖြစ်သော်လည်း ဆပ်ကော်မတီများအလိုက် စဉ်ဆက်မပြတ်တွေ့ဆုံဆွေးနွေးပြီး ရည်မှန်းချက် ပေါက်မြောက်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ဆွေးနွေးမှာကြားသည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာသူများက ဆပ်ကော်မတီများအလိုက် လုပ်ငန်း ဆောင်ရွက်မှု၊ လတ်တလောကြုံတွေ့နေရသောအခက်အခဲများ၊ ဖြေရှင်းဆောင်ရွက်ပေးစေ လိုသည့် အချက်များ၊ ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ပြန်လည် ရှင်းလင်းပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


