ရန်ကုန်၊ ၃ ဇန်နဝါရီ
၂၀၂၁ FIDE World Cup ကမ္ဘာ့ဖလားစစ်တုရင်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ စစ်တုရင်အားကစားသမားတစ်ဦး ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်မှ သိရသည်။
အဆိုပါပြိုင်ပွဲကြီးတွင် တိုက်ရိုက်ဝင်ရောက်ယှဉ်ပြိုင်ခွင့်အတွက် နိုင်ငံအလိုက် လက်ရည်အဆင့်ပေါ်မူတည်ပြီး ခွင့်ပြုရာမှာ မြန်မာနိုင်ငံမှ စစ်တုရင်ကစားသမားတစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်သည်။
“အရင်နှစ်တွေတုန်းကတော့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရဘူး။ ဒီနှစ်မှ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိတာဖြစ်ပါတယ်။ မြန်မာနိုင်ငံကနေ စစ်တုရင်အားကစားတစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းလက်ရည်စစ်ပြိုင်ပွဲတွေ ပြုလုပ်ရမှာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံစစ်တုရင် အဖွဲ့ချုပ်အတွင်းရေးမှူး ဦးမျိုးဇော်မင်းက ပြောသည်။
ကမ္ဘာတစ်လွှားမှ စစ်တုရင်ချန်ပီယံများအနေဖြင့် ယင်းစစ်တုရင်ပြိုင်ပွဲကြီးတွင် ရှုံးထွက်စနစ်ဖြင့် ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ FIDE World Cup ၂၀၂၁ ကမ္ဘာ့ဖလားစစ်တုရင်ပြိုင်ပွဲကြီးအား ရရှားနိုင်ငံတွင် ကျင်းပမည်ဖြစ်ပြီး ၂၀၂၁ ဇွန်လအတွင်း ပြိုင်ပွဲကျင်းပဖွယ်ရှိကာ ဗိုလ်စွဲပါက ဆုကြေးငွေ အမေရိကန်ဒေါ်လာ တစ်သိန်းအထက် ရရှိမည်ဖြစ်ကြောင်း သိရသည်။
အာကာစိုး