၂၀၂၁ MNL ပြိုင်ပွဲကို အသင်း ၁၀ သင်းဖြင့် ကျင်းပရန် လိဂ်ကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်

၇  ဇန်နဝါရီ

မြန်မာနေရှင်နယ်လိဂ်သည် ၂၀၂၁ ရာသီ MNL ပြိုင်ပွဲကို အသင်း ၁၀ သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး MNL-2 (ပထမတန်း) ပြိုင်ပွဲမှ နှစ်သင်းကို တန်းတက်ယှဉ်ပြိုင်ခွင့်ပြုခဲ့သည်။ ၂၀၂၁ ရာသီအတွက် အရေးပါသည့် ဆုံးဖြတ်ချက်များချမှတ်ခဲ့သည့် လိဂ်ကော်မတီအစည်းအဝေးကို ဇန်နဝါရီ ၆ ရက်က အွန်လိုင်းမှတစ်ဆင့်ပြုလုပ်ခဲ့ပြီး  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီ ဥက္ကဌ ဦးဇော်ဇော်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီ ဒုတိယဥက္ကဌ ဒေါက်တာ စိုင်းဆမ်ထွန်း၊ MNL နှင့် MNL-2 ကလပ်ပိုင်ရှင်များ၊ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

၂၀၂၀ ရာသီ ကျင်းပနေသည့်ကာလနှင့် ပြိုင်ပွဲအပြီးကာလများတွင် အသင်းဖျက်သိမ်း/နုတ်ထွက်မှုများရှိခဲ့သဖြင့် MNL ပြိုင်ပွဲတွင် အသင်းရှစ်သင်းသာ ကျန်ရှိတော့သဖြင့် ၁၀ သင်းဖြင့်ကျင်းပနိုင်ရန် MNL-2 မှ နှစ်သင်းကို တန်းတက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ၂၀၂၀ ရာသီ MNL ပြိုင်ပွဲယှဉ်ပြိုင်ခဲ့သည့် အသင်းများအနက် ပြိုင်ပွဲကာလတွင် ချင်းယူနိုက်တက်နှင့် ဇွဲကပင်အသင်း၊ ပြိုင်ပွဲအပြီးတွင် မကွေးနှင့် Southern အသင်းတို့ ဖျက်သိမ်း/နုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး MNL-2 မှ Chinland အသင်းနှင့် မြဝတီအသင်းတို့ တန်းတက်ခွင့်ရခဲ့ခြင်းဖြစ်သည်။ စစ်ကိုင်းအသင်းသည် ဘဏ္ဍာရေးအခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း လာမည့်ရာသီတွင် ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

 ၂၀၂၀ ရာသီ MNL-2 (ပထမတန်း) ပြိုင်ပွဲကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြိုင်ပွဲပြီးဆုံးအောင် ကျင်းပနိုင်ခြင်းမရှိဘဲ ပထမအကျော့အပြီးတွင် ဖျက်သိမ်းခဲ့ရသည်။ ပထမအကျော့အပြီးတွင် Junior Lions အသင်းက ထိပ်ဆုံးမှဦးဆောင်နေသော်လည်း Junior Lions အသင်းမှာ မြန်မာ ယူ-၁၉ လက်ရွေးစင်အသင်းကို ပြိုင်ပွဲအတွေ့အကြုံရစေရန် ယှဉ်ပြိုင်စေခြင်းဖြစ်ပြီး ပြိုင်ပွဲမယှဉ်ပြိုင်မီကတည်းက တန်းတက်ခွင့်မရှိကြောင်း ဆုံးဖြတ်ထားပြီးဖြစ်သောကြောင့် ဒုတိယနေရာတွင် ရပ်တည်ခဲ့သည့် Chinland အသင်းနှင့် တတိယနေရာတွင် ရပ်တည်ခဲ့သည့် မြဝတီအသင်းတို့က တန်းတက်ခွင့်ရခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ရာသီ MNL ပြိုင်ပွဲကို ဧပြီမှ စက်တင်ဘာလအတွင်းကျင်းပမည်ဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပထမအကျော့ပွဲစဉ်များကို ရန်ကုန်မြို့၌ကျင်းပမည်ဖြစ်ကာ ဒုတိယအကျော့ပွဲစဉ်များကိုမူ ကပ်ရောဂါအပေါ်မူတည်၍ အိမ်ကွင်း၊ အဝေးကွင်းပြုလုပ်နိုင်ရန် ဆုံးဖြတ်သွားမည်ဖြစ်သည်။ ၂၀၂၁ ရာသီ MNL အမှတ်ပေးပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းအပါအဝင် ဟံသာဝတီ၊ ဧရာဝတီ၊ ရန်ကုန်၊ ရတနာပုံ၊ ရခိုင်၊ စစ်ကိုင်း၊ အားကာသိပ္ပံ၊ Chinlandနှင့် မြဝတီအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-MNL