ရန်ကုန်၊ ၂၀  ဒီဇင်ဘာ

၂၀၂၁ ရာသီအတွက် ပြင်ဆင်မှုများစတင်ပြုလုပ်နေပြီဖြစ်သည့် ဟံသာဝတီယူနိုက်တက်အသင်းသည် ရာသီသစ်အတွက် ဒုတိယမြောက် ကစားသမားခေါ်ယူခဲ့ပြီဖြစ်သည်။

ဟံသာဝတီအသင်းသည် ခံစစ်ပိုင်းအားဖြည့်ရန်အတွက် ရတနာပုံအသင်း၏ လူငယ်လက်ရွေးစင် နောက်ခံလူ ရဲရင့်အောင်ကို ခေါ်ယူရန် သဘောတူညီမှုရခဲ့ပြီး လာမည့်ရက်ပိုင်းအတွင်း အပြီးသတ်စာချုပ် ချုပ်ဆိုမည်ဖြစ်သည်။ ဟံသာဝတီအသင်းသည် လာမည့်ရာသီအတွက် ပြည်တွင်းကစားသမားသစ်များ ဆက်တိုက်ခေါ်ယူလျက်ရှိပြီး Southern အသင်း၏ ဂိုးသမား ပြည့်ဖြိုးအောင်အား သုံးနှစ်စာချုပ်ဖြင့် ခေါ်ယူပြီးနောက် ရဲရင့်အောင်ကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ရဲရင့်အောင်သည် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများတွင် အဆင့်ဆင့်ကစားခဲ့သူဖြစ်ပြီး ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲ ကြေးတံဆိပ်ဆုရ မြန်မာ ယူ-၂၂ အသင်းတွင်လည်း ပါဝင်ခဲ့သူဖြစ်သည်။

ဟံသာဝတီအသင်းသည် ပြည်တွင်းကစားသမားသစ်များကို ယခုလအတွင်း ထပ်မံခေါ်ယူမည်ဖြစ်ပြီး နောက်တန်းနှင့် အလယ်တန်းကစားသမားများ ပါဝင်မည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ