၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစီမံကိန်းများ ရေးဆွဲတင်ပြနိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား အောက်တိုဘာ ၁၄

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သည့် ဌာန/အဖွဲ့အစည်းများ၏ ဖြည့်စွက်ရန်ပုံငွေတွင် ငွေလုံးငွေရင်းအသုံးစရိတ် တင်ပြတောင်းခံမှုများအပေါ် ပြည်သူလူထုအတွက် တိုက်ရိုက်အကျိုးရှိ ထိရောက်ပြီး အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစီမံကိန်းများအဖြစ် ရေးဆွဲတင်ပြနိုင်ရေးအတွက် အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထိုသို့ ညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားပြီး ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက စိစစ်တင်ပြရမည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြကာ ပြည်နယ်ရသုံးမှန်း ခြေငွေစာရင်းဦးစီးဌာနက ပြည်နယ်ဦးစီးမှူးက ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့် ညီညွတ်မှုရှိစေရေး ဆောင်ရွက်သွားရမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်နယ်စီမံကိန်းရေးဆွဲ‌ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ဟန်အေးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဖြည့်စွက်ခွင့်ပြုငွေတွင် ငွေလုံးငွေရင်း အသုံးစရိတ် တင်ပြတောင်းခံမှုများအပေါ် စီမံကိန်းနှင့် ဘဏ္ဍာ‌ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့၏ ဆွေးနွေးမှုများအပေါ် ပြန်လည်စိစစ်ရေးဆွဲ တင်ပြဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ တာဝန်ရှိသူများက စိစစ်တင်ပြရမည့် လုပ်ငန်းစီမံကိန်းတစ်ခုချင်းစီအလိုက် ပြန်လည်ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က စီမံကိန်းလုပ်ငန်းတစ်ခုချင်းစီအလိုက် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ပြန်လည်စိစစ်ရေးဆွဲတင်ပြနိုင်ရေး တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)