နေပြည်တော် ဇူလိုင် ၇
စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ရာသီ ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာ၊ မုန်ညင်းနှင့် ပန်းနှမ်းသီးနှံများကို စိုက်ပျိုးလျက်ရှိရာ ၂၀၂၂ - ၂၀၂၃ ခုနှစ်တွင် စုစုပေါင်းဆီထွက်သီးနှံ ဧက ၈ ဒသမ ၃ သန်းကျော် စိုက်ပျိုးခဲ့ပြီး စားသုံးဆီ တန်ချိန် ၆၈၀၀၀၀ ကျော် ထွက်ရှိနိုင်ရန် ခန့်မှန်းထားရှိသဖြင့် ပြည်တွင်း စားသုံးမှုအတွက် လုံလောက်မှုရှိသည်ဟု တွေ့ရှိရကြောင်း၊ စိုက်ဧကများအားလုံး၌ ပန်းတိုင်အထွက်နှုန်း ရရှိမည်ဆိုပါက စားသုံးဆီတန်ချိန် ၁၃ သိန်းကျော် ထွက်ရှိမည်ဖြစ်သဖြင့် ဆီဖူလုံမှုပိုမိုလာနိုင်ကြောင်း၊ သို့ဖြစ်၍ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးစေ့၊ မြေဆီမြေဩဇာနှင့် သွင်းအားစုများ၊ စိုက်ပျိုးရေသုံးစွဲနိုင်ရေး၊ စိုက်ပျိုးထုတ်လုပ် မှုဆိုင်ရာ နည်းပညာများကို တောင်သူများ ပြည့်စုံစွာအသုံးပြုနိုင်ရေး သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါးနှင့် ပဲတီစိမ်း စီမံကိန်း လုပ်ငန်းများတွင် ဆောင်ရွက်ခဲ့သည့်သွင်းအားစု ပံ့ပိုးသည့်စနစ်ကို ဒေသအလိုက် ဆောင်းနေကြာ၊ ဆောင်းမြေပဲ နွေနှမ်းစိုက်တောင်သူများအတွက် လျာထားဆောင်ရွက်ရန် လျာထားကြောင်း ပြောကြားသည်။
ထို့နောက် စားသုံးဆီဖူလုံရေး အတွက် ဆီထွက်သီးနှံများ တိုးချဲ့ စိုက်ပျိုးရေးကော်မတီ၊ အတွင်းရေးမှူး၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ဒုတိယအကြိမ်အစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆီထွက်သီးနှံ စိုက်ပျိုး ထုတ်လုပ်မှုအပေါ် သုံးသပ်တင်ပြပြီး တွဲဖက်အတွင်းရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၂၃-၂၀၂၄ ခုနှစ် ဆီထွက်သီးနှံ စိုက်ပျိုးဆောင်ရွက်မည့် အစီအစဉ် များကို တင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က စားသုံးဆီ အထောက်အပံ့ပေးနိုင် မည့်လုပ်ငန်းများကို ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ထည့်သွင်း၍ ဆီထွက်သီးနှံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခဲ့ ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအပေါ် ဝင်ငွေခွန်သုံးနှစ်မှ ခုနစ်နှစ်အထိ ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍ တွင် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုတိုးတက်ရေး ကြိုးပမ်းလျက်ရှိကြောင်း၊ အလားတူ ဆီထွက်သီးနှံများ တိုးချဲ့ စိုက်ပျိုးရေးကုန်ကြမ်းများရရှိရေးနှင့် တောင်သူများအတွက် မှန်ကန်သောဈေးကွက် များဖော်ဆောင်ရေးကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးက ပြည်ပ စားအုန်း ဆီတင်သွင်းမှု လျှော့ချရေးနှင့် ပြည်တွင်းစားသုံးဆီ ဖူလုံရေး အတွက် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်သူ တောင်သူအစုအဖွဲ့ သမဝါယမအသင်းများ ဖွဲ့စည်း ဆောင်ရွက်ပေးပြီး မျိုးနှင့်စိုက်ပျိုးရေးသွင်းအားစုများ အသုံးပြုနိုင်ရေးအတွက် အရင်းမပျောက် မတည်ငွေများ ထူထောင်ပေးခြင်း၊ မြစိမ်းရောင် ဆီထွက်သီးနှံစီမံကိန်း၊ ဆိုလာစွမ်းအင်သုံးစိုက်ပျိုးရေးနှင့် ကျေးလက်ကုန်ထုတ် လမ်းတံတား ဖောက်လုပ်ပေးခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် သမဝါယမအသင်းစနစ်ဖြင့် ဆီစက် လုပ်ငန်းများ ဖွံ့ဖြိုးရေး ဆောင်ရွက်ပေးမှုများကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးက လက်ရှိ ပြည်ပမှ စားသုံးဆီတင်သွင်းရသည့် နိုင်ငံခြားငွေ သုံးစွဲရမှုနှင့် ပြည်ပသို့ ဆီထွက်သီးနှံ တင်ပို့ခြင်းမှ နိုင်ငံခြားငွေရရှိမှု ဟန်ချက်ညီစေရေးဆောင်ရွက်ရန် လိုအပ် ချက်များ၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ပြီး ဆီတင် ပို့သည့်နိုင်ငံအဖြစ် ရပ်တည်နိုင် ရေးအထိ ကြိုးပမ်းရန် လိုအပ်ချက်များ၊ ပြည်တွင်းဆီစက်များ အားလုံး ပြန်လည်လည်ပတ်နိုင်ရေး ဆီကြိတ်ခွဲထုတ်လုပ်နိုင်ရေးနှင့် ဆီစက်များ အဆင့်မြှင့်တင်ရေး ဆောင်ရွက်နေမှုများ၊ ဈေးကွက်အတွင်းရှိ စားသုံးဆီများ အစားအစာဘေးကင်း လုံခြုံရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်နေမှု၊ ကျန်းမာရေးနှင့် ညီညွတ်စွာစားသုံးနိုင်သော ပြည်တွင်းဆီထုတ်လုပ်မှု ဖွံ့ဖြိုးလာရေးအတွက် အဆင့်မြင့် ဆီစက်များနှင့် ဆီသန့်စင်စက် လုပ်ငန်းများတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတိုးတက်ရေး အားပေးဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် မြေပဲ၊ နှမ်း၊ နေကြာသီးနှံ စိုက်ပျိုးရေးတွင် သွင်းအားစု ထောက်ပံ့ပေးနိုင်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာဆောင် ရွက်ချက်များကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်နှင့် အစည်းအဝေးတက် ရောက်လာကြသူများက ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုး ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မျိုးကောင်းမျိုးသန့်သုံးစွဲနိုင်ရေး၊ ရေရရှိရေးနှင့် မြေယာ ပြုပြင်ရေး ဆိုင်ရာများကိုလည်းကောင်း၊ ဝယ်ယူကြိတ်ခွဲသူ အစုအဖွဲ့၊ သွင်းအားစုရောင်းချသူ အစုအဖွဲ့နှင့် တောင်သူအစုအဖွဲ့ များအကြား ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ဘဏ္ဍာရန်ပုံငွေ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးကြသည်။
“စားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုး ရေးကော်မတီ” အနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းနေကြာ စိုက်ပျိုးရာသီတွင် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုး စရိတ်ချေးငွေများ ထိရောက် မြန်ဆန်စွာ သုံးစွဲနိုင်ရန် ငွေသား ထုတ်ပေးခြင်းမပြုဘဲ သွင်းအားစု ပံ့ပိုးသည့်စနစ် ကျင့်သုံးခြင်းနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရ အဖွဲ့များ၏ တာဝန်ခံမှုနှင့်ပူးပေါင်း ဆောင်ရွက်မည့်စနစ်ကို ကျင့်သုံးသွားရန် စီမံဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်