နေပြည်တော်  ဇန်နဝါရီ   ၂၀

 

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့်အလယ်တန်းဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်) ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိမင်္လာ ခန်းမတွင် ကျင်းပသည်။

 

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယ ဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်းတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြိုင်ပွဲအကဲဖြတ်ဒိုင်များ နှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများ၊ ဆရာ ဆရာမများနှင့်ကျောင်းသားမိဘများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ထက်မြက် သည့် လူ့စွမ်းအား အရင်းအမြစ်များအဖြစ် လူငယ်အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွက် လာစေရန် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊

 

အနာဂတ်ခေါင်းဆောင်များဖြစ်သည့် ကျောင်းသားလူငယ် အသိပညာရှင်၊ အတတ်ပညာ ရှင်များ အတွက် လိုအပ်သောအရည်အသွေးများအနက် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည် မြင့်မား ရေးသည်လည်း အရေးကြီးသောကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာ၊သင်္ချာဘာသာ ရပ်များ ပိုမိုအလေးထားလေ့လာကြပြီး အင်္ဂလိပ်စာ အရေး၊ အဖတ်၊ အပြော၊ နားထောင်မှု စွမ်းရည်များ တိုးတက်လာစေရန်နှင့် စဉ်းစားတွေးခေါ် ဉာဏ်ရင့်သန်ပြီး သင်္ချာဆိုင်ရာ ဉာဏ်ရည်တိုးတက်စေချင်သည့် ရည်ရွယ်ချက်များဖြင့် ယခုလို အင်္ဂလိပ်စာနှင့် သင်္ချာ စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း ဖြစ်ပါကြောင်း။

 

ယခုအခမ်းအနားကို တက်ရောက်လာကြသည့်ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် မိမိတို့၏အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်များ တိုးတက်နေစေရေး အမြဲမပြတ် ဆက်လက် ဆည်းပူး လေ့လာနေကြစေလိုပါကြောင်း၊ နိုင်ငံတကာ အင်္ဂလိပ်စာနှင့် သင်္ချာ စွမ်းရည်ပြိုင်ပွဲများကို ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအထိ ရည်မှန်းချက်ထား ဆက်လက်ကြိုးစားကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်းစသည်ဖြင့် ပြောကြားသည်။

 

ထို့နောက် လေ့လာဆန်းစစ် အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်ဆွေထွန်းက အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများ ဖြေဆိုမှုနှင့် ပတ်သက်၍လည်းကောင်း၊ စာစစ်မှူးချုပ်၊ ရန်ကုန်တက္ကသိုလ် သင်္ချာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာ အောင်ကျော်က သင်္ချာစွမ်းရည်ပြိုင်ပွဲဝင် ကျောင်းသားကျောင်း သူများ ဖြေဆိုမှုနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုချီးမြှင့်ခံရသည့် ကျောင်းသား ကျောင်းသူများက အင်္ဂလိပ်စာစွမ်းရည်ပြသကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသည့် Grade-9 ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်သည်။

 

ယင်းနောက် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် Grade-9 ကျောင်းသား ကျောင်းသူများအား ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်က ဆုချီးမြှင့်သည်။

 

ဆက်လက်၍ အမြဲတမ်းအတွင်းဝန်ဒေါက်တာစိုးဝင်းနှင့် ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက အခြေခံပညာ မူလတန်းနှင့်အလယ်တန်းဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည် ပြိုင်ပွဲတွင် ဆုရရှိသည့်ကျောင်းသားကျောင်းသူများကို ဆုများချီးမြှင့်ပေးကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အကဲဖြတ်စစ်ဆေးခြင်းဆိုင်ရာလုပ်ငန်းများ ကူညီ ဆောင်ရွက်ပေးကြ သည့် တက္ကသိုလ်/ကောလိပ်များမှတာဝန်ရှိသူများကို ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင်ပေးအပ်၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကြကြောင်း သိရသည်။

 (သတင်းစဉ်)