နေပြည်တော် မေ ၁၉
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဇမ္ဗူသီရိ မြို့နယ် ပျဉ်းမနား-တောင်ညိုလမ်း မြို့မဈေးအနီး၌ ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ အရာရှိကြီးများ၊ နေပြည်တော် ကောင်စီနယ်မြေ ပညာရေးမှူးနှင့် ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများ က ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက “ကျောင်းနေအရွယ် ကလေး အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော မြေစိုက်ပိုစတာကို စက် ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
အလားတူ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ သည် ပြည်တောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုလမ်း၊ ရေပန်းဥယျာဉ်မုခ်ဦးအနီး၌ ကျင်းပသည့် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူခြင်း အခမ်းအနားသို့လည်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)