နေပြည်တော် ဇူလိုင်၁၀
စိုက်ပျိုးရေး၊မွေမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၂၀၂၂-၂၀၂၃ ခုနှစ် ပညာရည်ချွန်ဆုနှင့် ဝန်ထမ်း ထူးချွန်ဆု ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန စုဝေး ဆောင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က အနာဂတ်နိုင်ငံတော်၏ တာဝန်များကိုပုခုံးပြောင်း တာဝန်ယူသွားကြမည့် လူငယ်များအနေဖြင့် ယခုကဲ့သို့ ထူးချွန်အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းပြီး ဆက်လက်တက်ရောက်မည့် တက္ကသိုလ်များ၊ ဆည်းပူးမည့် ဘာသာရပ်များ ရွေးချယ်ရာတွင်လည်း မိမိတို့ အမှန်တကယ် စိတ်ဝင်စားပြီး ထူးချွန်အောင် မြင်နိုင်သည်ဟု ယုံကြည်ချက်ရှိသော တက္ကသိုလ်နှင့် ဘာသာရပ် ကို မိဘနှင့် သားသမီးများ တိုင်ပင် ရွေးချယ်ကြရန် အကြံပြုတိုက်တွန်း ပါကြောင်း၊ ပြည်ထောင်စုရာထူး ဝန်အဖွဲ့က ဖွင့်လှစ်သည့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် သင်တန်းများတွင် ထူးချွန်ဆုရရှိအောင် ဝါယမစိုက် ထုတ်ကြိုးစားခဲ့ကြသည့် ထူးချွန်ဝန်ထမ်းများအတွက်လည်း ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး က ၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံး၌ သိပ္ပံဘာသာတွဲအမှတ်အများဆုံး(ပထမ) ရရှိသူ မောင်ဟိန်းဝေယံထွန်း၊ မြန်မာတစ်နိုင်ငံလုံး၌ သိပ္ပံဘာသာတွဲ အမှတ်အများဆုံး (တတိယ)ရရှိသူ မဇွဲယုနန္ဒာထွန်းနှင့် မသန့်ဆုရတီတို့ကိုလည်းကောင်း ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ၊ အမြဲတမ်း အတွင်းဝန် ၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် ပါမောက္ခချုပ်များ က ဘာသာစုံဂုဏ်ထူးရရှိသူ (၁၃)ဦး ၊ (၅)ဘာသာဂုဏ်ထူး ရရှိသူ (၁၇)ဦး ၊ (၄)ဘာသာဂုဏ်ထူးရရှိသူ (၂၁)ဦး ၊ (၃)ဘာသာဂုဏ်ထူးရရှိသူ (၂၁)ဦး တို့ကို ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ကြသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန်က နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် သင်တန်းများတွင် ထူးချွန်ဆုရ အရာထမ်း အမှုထမ်း (၅)ဦးကို ဂုဏ်ပြုဆုငွေ နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီး က ထူးချွန်ဆုများပေးအပ်နိုင်ရန် အလှူငွေများထည့်ဝင်လှူဒါန်းခဲ့ကြသည့် မြန်မာနိုင်ငံ လယ်ယာသုံးစက်ကိရိယာ လုပ်ငန်းရှင်များအသင်းနှင့် အလှူရှင်များကို ဂုဏ်ပြုလွှာများ ပေးအပ်သည်။
ယခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲတွင် စိုက်ပျိုးရေး၊မွေမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်း မိသားစုများမှ ဝင်ရောက်ဖြေဆိုသူ ၉၀၀ ကျော်ရှိရာ ၆၇ ရာခိုင်နှုန်းကျော် အောင်မြင်ခဲ့ပြီး သိပ္ပံဘာသာတွဲ အမှတ်အများဆုံး(ပထမ)ဖြင့် အောင်မြင်ခဲ့သူ (၁)ဦး၊ သိပ္ပံဘာသာတွဲ အမှတ်အများဆုံး (တတိယ)ရရှိသူ(၂)ဦး အပါအဝင် စုစုပေါင်း ကျောင်းသား ကျောင်းသူ (၈၀)ကို ယနေ့ အခမ်းအနားတွင်ဂုဏ်ပြုဆုများချီးမြှင့်ခဲ့သည်။
(သတင်းစဉ်)