၂၀၂၂ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ မြန်မာနှင့် ကမ္ဘောဒီးယား ယနေ့ကစားမည်

ရန်ကုန် ဩဂုတ် ၇

 

အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပနေသည့် ၂၀၂၂ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု(ဂ) နောက်ဆုံးနေ့ကို သြဂုတ် ၈ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ကမ္ဘောဒီးယား အသင်းနှင့် အဆုံးအဖြတ်ပွဲကစားရမည်ဖြစ်သည်။

 

တစ်ချိန်တည်းကျင်းပမည်

 

နောက်ဆုံးနေ့အဖြစ် ဩဂုတ် ၈ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် တစ်ချိန်တည်း ကျင်းပမည်ဖြစ်ပြီး မြန်မာနှင့် ကမ္ဘောဒီးယား၊ မလေးရှားနှင့် သြစတြေးလျအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အုပ်စု ဒုတိယနေ့အပြီးတွင် မလေးရှားနှင့်  မြန်မာအသင်းက လေးမှတ်စီ၊ ကမ္ဘောဒီးယားအသင်းက သုံးမှတ်ရရှိကာ ဆီမီးဖိုင်နယ်တက်ရောက်ရန် အခွင့်အရေးရှိနေပြီး သြစတြေးလျအသင်းမှာမူ နှစ်ပွဲစလုံး ရှုံးနိမ့်ထားသဖြင့် ဆီမီးဖိုင်နယ်တက်ရောက်ခွင့် ဆုံးရှုံးသွားပြီဖြစ်သည်။

 

အုပ်စု(က)နှင့် (ခ)ပွဲစဉ်များပြီးဆုံးသွားပြီး အုပ်စု(က)တွင် အိမ်ရှင် အင်ဒိုနီးရှားက ကိုးမှတ်ဖြင့် အုပ်စုပထမ၊ အုပ်စု(ခ)တွင် ထိုင်းအသင်းက ခုနစ်မှတ်ဖြင့် အုပ်စုပထမရရှိကာ ဆီမီးဖိုင်နယ် တက်ရောက်ထားပြီး ဖြစ်သည်။ ပြိုင်ပွဲကျင်းပသည့်ပုံစံအရ အုပ်စုသုံးခုမှ ထိပ်ဆုံးသုံးသင်းမှာ ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရမည်ဖြစ်ပြီး ကျန်တစ်နေရာအတွက် အုပ်စု(က)နှင့် (ဂ) ဒုတိယနေရာရ နှစ်သင်းအနက် အကောင်းဆုံးတစ်သင်းသာ တက်ရောက်ခွင့်ရမည်ဖြစ်သည်။

 

ဖိုင်နယ်သို့ တက်ရောက်ခွင့်ရမည်

 

အုပ်စု(က)တွင် ဗီယက်နမ်အသင်းမှာ သုံးပွဲကစား ခြောက်မှတ်သာရထားသဖြင့်  ယနေ့ကစားမည့် အုပ်စု(ဂ) နောက်ဆုံးနေ့တွင် လေးမှတ်စီရထားသည့် မလေးရှားနှင့် မြန်မာအသင်းတို့မှာ အနိုင်ရရုံဖြင့် ဆီမီး ဖိုင်နယ်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာအသင်း အနေဖြင့် ဩဂုတ် ၈ ရက် ကစားမည့်ပွဲတွင် ကမ္ဘောဒီးယားကို အနိုင်ရပါ က အခြားပွဲရလဒ် စောင့်ကြည့်စရာမလိုဘဲ ဆီမီးဖိုင်နယ်တက်ရောက်ခွင့် ရမည်ဖြစ်ပြီး မလေးရှားအသင်းလည်း အနိုင်ရပါက အုပ်စုပထမနေရာ အတွက် ဂိုးကွာခြားချက်ဖြင့် ဆုံးဖြတ်ရမည်ဖြစ်သည်။

 

မြန်မာအသင်းသည် အုပ်စုပွဲများတွင် သြစတြေးလျကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရပြီး မလေးရှားနှင့် တစ်ဂိုးစီသရေကျထားသည်။ ကမ္ဘောဒီးယားအသင်းမှာမူ မလေးရှားကို သုံးဂိုးပြတ်အရေးနိမ့်ကာ သြစတြေးလျကိုမူ လေးဂိုး - နှစ်ဂိုးဖြင့် အနိုင်ရထားသည်။ ကမ္ဘောဒီးယား အသင်းအနေဖြင့် ဆီမီးဖိုင်နယ် တက်ရောက်ရန် အခွင့်အရေးရှိသော်လည်း  မြန်မာအသင်းကို အနိုင်ကစားရမည့်အပြင် ဂိုးပြတ်လည်း သွင်းယူရမည်ဖြစ်သည်။  

 

သတင်း - ကိုညီလေး၊

ဓာတ်ပုံ - MFF