ရန်ကုန် အောက်တိုဘာ ၂၈

အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့် အုပ်စုမဲခွဲပွဲကို အောက်တိုဘာ ၂၈ ရက်က အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့သည်။

အုပ်စုကျပ်အတွင်း ကျရောက် နောက်ဆုံးအဆင့် အုပ်စုမဲခွဲမှုအရ မြန်မာအသင်းသည် အုပ်စုကျပ်အတွင်း ကျရောက်ခဲ့ပြီး လက်ရှိချန်ပီယံ ဂျပန်အသင်း၊ အာရှအင်အားကြီး တောင်ကိုရီးယားအသင်း၊ အာဆီယံ ထိပ်သီး ဗီယက်နမ်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့သည်။ အုပ်စုမဲခွဲမှုအရ အုပ်စု(A)တွင် အိမ်ရှင် အိန္ဒိယ၊ တရုတ်၊ တရုတ်(တိုင်ပေ)၊ အီရန်၊ အုပ်စု(B)တွင် ဩစတြေးလျ၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အုပ်စု(C) တွင် ဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်နှင့် မြန်မာအသင်းတို့ ပါဝင်နေသည်။

ပြိုင်ပွဲကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ အိန္ဒိယနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အုပ်စုသုံးခုမှ ပထမနှင့် ဒုတိယနေရာရအသင်းများ၊ တတိယနေရာရအသင်းများအနက် အကောင်းဆုံး နှစ်သင်း စုစုပေါင်း ရှစ်သင်းမှာ ကွာတားဖိုင်နယ်တက်ရောက်ခွင့်ရမည်ဖြစ်သည်။ ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမည့်အသင်းများမှာ ၂၀၂၃ ခုနှစ်တွင် သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံက ပူးတွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရရန်မျှော်လင့်ချက်ရှိနေသည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် လာမည့် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်းအရေအတွက် တိုးမြှင့်ထားပြီး အိမ်ရှင်သြစတြေးလျနှင့် တိုက်ရိုက်ဝင်ခွင့်ရ ငါးသင်း၊ အခြားတိုက်များမှ အသင်းများနှင့် Play-off ကစားခွင့်ရမည့် နှစ်သင်း ယှဉ်ပြိုင်ခွင့်ပြုထားသည်။ ထို့ကြောင့် မြန်မာအသင်းသည် ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရန် ရည်မှန်းထားသော်လည်း အုပ်စုအနေ အထားအရ ပိုမိုကြိုးစားရဖွယ်ရှိနေသည်။

မြန်မာအမျိုးသမီးအသင်းသည် အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် ငါးကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ၂၀၀၃၊ ၂၀၀၆၊ ၂၀၁၀ နှင့် ၂၀၁၄ ပြိုင်ပွဲတို့တွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

သတင်း - ကိုညီလေး

ဓာတ်ပုံ - AFC