၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ အုပ်စုမဲခွဲရန် ဆီဒင်သတ်မှတ်ချက်များ ထုတ်ပြန်

ရန်ကုန်  မေ  ၁၆

၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲကို အောက်တိုဘာနောက်ဆုံးပတ်တွင် ကျင်းပမည်ဖြစ်ပြီး အာရှဘောလုံးအဖွဲ့ချုပ်သည် အုပ်စုမဲခွဲရန် ဆီဒင်သတ်မှတ်ချက်များ ထုတ်ပြန်လိုက်ပြီဖြစ်သည်။ ယင်းခြေစစ်ပွဲကို အောက်တိုဘာ ၂၃ ရက်မှ ၃၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။

၂၀၂၂ အာရှဖလား ယူ-၂၃ ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲကို ပါကစ္စတန်အသင်းမှလွဲ၍ ကျန် ၄၆ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အရှေ့အာရှဇုန်တွင် ၂၂ သင်း၊ အနောက် အာရှဇုန်တွင် ၂၄ သင်း ယှဉ်ပြိုင်မည်ဖြစ်သည်။ အရှေ့အာရှဇုန်တွင် အုပ်စုငါးခု၊ အနောက် အာရှဇုန်တွင် အုပ်စု ခြောက်ခု ပါဝင်မည်ဖြစ်ပြီး အရှေ့အာရှဇုန်အုပ်စုငါးခုတွင် ငါးသင်း နှစ်အုပ်စုနှင့် လေးသင်း သုံးအုပ်စု၊ အနောက် အာရှဇုန်အုပ်စု ခြောက်ခုတွင် လေးသင်းစီပါဝင်မည်ဖြစ်သည်။ အနောက်အာရှဇုန် Pot-1 တွင် ဆော်ဒီအာရေဗျ။ ဥဇဘက်ကစ္စတန်၊ ဆီးရီးယား၊ ဂျော်ဒန်၊ ယူအေအီး၊ အီရန်၊ Pot-2 တွင် အီရတ်၊ ကာတာ၊ ဘာရိန်း၊ တာဂျစ်ကစ္စတန်၊ အိုမန်၊ ပါလက်စတိုင်း၊ Pot-3 တွင် ဘင်္ဂလားဒေ့ရှ်၊ အာဖဂန်နစ္စတန်၊ လက်ဘနွန်၊ ကူဝိတ်၊ တာ့ခ်မင်နစ္စတန်၊ ယီမင်၊ Pot-4 တွင် အိန္ဒိယ၊ ကာဂျစ္စတန်၊ နီပေါ၊ မော်လ်ဒိုက်၊ သီရိလင်္ကာနှင့် ဘူတန်၊ အရှေ့အာရှဇုန် Pot-1 တွင် တောင်ကိုရီးယား၊ သြစတြေးလျ၊ ထိုင်း၊ မြောက်ကိုရီးယား၊ ဗီယက်နမ်၊  Pot-2 တွင် ဂျပန်၊ တရုတ်၊ မလေးရှား၊ မြန်မာ၊ စင်ကာပူ၊ Pot-3 တွင် ဟောင်ကောင်၊ အင်ဒိုနီးရှား၊ လာအို၊ တီမော၊ ကမ္ဘောဒီးယား၊ Pot-4 တွင် တရုတ် တိုင်ပေ၊ မွန်ဂိုလီးယား၊ ဖိလစ်ပိုင်၊ မကာအို၊ ဘရူနိုင်း၊ မြောက်မာရီယာနာကျွန်းစု၊ ဂူအမ်အသင်းတို့ ပါဝင်နေသည်။ ခြေစစ်ပွဲ ကျင်းပမည့် ပုံစံအရအုပ်စု ၁၁ ခုမှ ထိပ်ဆုံး ၁၁ သင်းနှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံး လေးသင်း စုစုပေါင်း ၁၅ သင်းမှာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။

မြန်မာအသင်းသည် ယင်းခြေစစ်ပွဲတွင် အကြိမ်တိုင်း ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုံးကျင်းပသည့် ၂၀၁၄ ပြိုင်ပွဲ တွင် ခြေစစ်ပွဲအောင်မြင်ကာ နောက်ဆုံးအဆင့်သို့ တက်ရောက်ခွင့်ရခဲ့သော်လည်း ၂၀၁၆၊ ၂၀၁၈ နှင့် ၂၀၂၀ ပြိုင်ပွဲတို့တွင် ခြေစစ်ပွဲမအောင်ခဲ့ပေ။ မြန်မာအသင်းသည် ယင်းခြေစစ်ပွဲပြီးပါက ဗီယက်နမ် ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းပြိုင်ပွဲ နှစ်ခုအတွက် ပြင်ဆင်ရမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းကို နည်းပြချုပ်အဖြစ် ဘူဂေးရီးယားနိုင်ငံသား ပိုပေါ့ဗ်က ကိုင်တွယ်မည်ဖြစ်သည်။

ကိုညီလေး