၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲတွင် မြန်မာနှင့် ဟောင်ကောင် အဖွင့်ပွဲကစားရမည်

သတင်း-ရဲရင့်လွင်

ဓာတ်ပုံ-MFF

 

အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ အုပ်စုပွဲစဉ်များ ထုတ်ပြန်လိုက်ပြီဖြစ်ပြီး မြန်မာနှင့်ဟောင်ကောင် အဖွင့်ပွဲကစားရမည်ဖြစ်သည်။

 

မြန်မာအသင်းသည် ယင်းခြေစစ်ပွဲတွင် အုပ်စု(I)တွင် ဗီယက်နမ်၊ ဟောင်ကောင်၊ တရုတ်တိုင်ပေတို့နှင့် ကျရောက်နေပြီး ယင်းအုပ်စုပွဲစဉ်များကို တရုတ်တိုင်ပေ၌ ကျင်းပမည်ဖြစ်သည်။ ပွဲစဉ်ရေးဆွဲထားမှုအရ အုပ်စု (I) ပွဲစဉ်များအဖြစ် အောက်တိုဘာ ၂၇ ရက်တွင် မြန်မာနှင့် ဟောင်ကောင်၊ ဗီယက်နမ်နှင့် တရုတ်တိုင်ပေ၊ အောက်တိုဘာ ၂၉ ရက်တွင် မြန်မာနှင့် တရုတ်တိုင်ပေ၊ ဗီယက်နမ်နှင့် ဟောင်ကောင်၊ အောက်တိုဘာ ၃၁ ရက်တွင် မြန်မာနှင့် ဗီယက်နမ်၊ ဟောင်ကောင်နှင့် တရုတ်တိုင်ပေအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

ခြေစစ်ပွဲကို ဇုန်နှစ်ခုခွဲ၍ အနောက်အာရှဇုန်တွင် အုပ်စုခြောက်ခု၊ အရှေ့အာရှဇုန်တွင် အုပ်စုငါးခုခွဲ၍ ပြုလုပ်မည် ဖြစ်သည်။ အုပ်စုမဲခွဲမှုအရ-

 

အနောက်အာရှဇုန် အုပ်စု (A)တွင် ဆီးရီးယား၊ ကာတာ၊ ယီမင်၊ သီရိလင်္ကာ။

အုပ်စု (B) တွင် အီရန်၊ တာဂျစ်ကစ္စတန်၊ လက်ဘနွန်၊ နီပေါ၊

အုပ်စု(C) တွင် အီရတ်၊ ဘာရိန်း၊ အာဖဂန်နစ္စတန်၊ မော်လ်ဒိုက်၊

အုပ်စု(D) တွင် ဆော်ဒီအာရေဗျ၊ ဘင်္ဂလားဒေ့ရှ်၊ ကူဝိတ်၊  ဥဇဘက်ကစ္စတန်၊

အုပ်စု (E) တွင် ယူအေအီး၊ အိုမန်၊ အိန္ဒိယ၊ ကာဂျစ္စတန်၊

အုပ်စု (F)တွင် ဂျော်ဒန်၊ ပါလက်စတိုင်း၊ တာ့ခ်မင်နစ္စတန်၊

 

အရှေ့အာရှဇုန် အုပ်စု(G)တွင် သြစတြေးလျ၊ တရုတ်၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊

အုပ်စု(H) တွင် တောင်ကိုရီးယား၊ စင်ကာပူ၊ တီမော၊ ဖိလစ်ပိုင်၊

အုပ်စု (I) တွင် ဗီယက်နမ်၊ မြန်မာ၊ ဟောင်ကောင်၊ တရုတ်တိုင်ပေ၊

အုပ်စု(J) တွင် ထိုင်း၊ မလေးရှား၊ လာအို၊ မွန်ဂိုလီးယား၊

အုပ်စု (K)တွင် မြောက်ကိုရီးယား၊ ဂျပန်နှင့် ကမ္ဘောဒီးယားအသင်းတို့ ပါဝင်နေသည်။

 

အာရှဘောလုံးအဖွဲ့ချုပ်က စီစဉ်ကျင်းပသည့် ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲကို အောက်တိုဘာ ၂၇ ရက်မှ ၃၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အသင်းစုစုပေါင်း ၄၂ သင်းအား အုပ်စု ၁၁ ခုခွဲ၍ ကျင်းပမည်ဖြစ်သည်။ အုပ်စုတစ်ခုစီမှ ထိပ်ဆုံး ၁၁ သင်းနှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံး လေးသင်း၊ စုစုပေါင်း ၁၅ သင်း ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။

 

နောက်ဆုံးအဆင့်ကို ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်မှ ၁၉ ရက်အထိတွင် ဥဇဘက်ကစ္စတန်နိုင်ငံတွင် ကျင်းပမည် ဖြစ်သည်။