စတော့ဟုမ်း အောက်တိုဘာ ၁၀

 

တော်ဝင်ဆွီဒင်သိပ္ပံအကယ်ဒမီက  အဲဖရက်ဒ် နိုဗယ်ကိုအမှတ်ရသောအားဖြင့် စီးပွားရေးသိပ္ပံဆိုင်ရာ  2022  Sveriges  Riksbank ဆုကို ဘန်အက်စ်ဘာနန်ကီ၊ ဒေါက်ကလပ်ဒဗလျူဒိုင်းမွန်းနှင့်   ဖီးလစ်အိတ်ချ်ဒိုင်ဗစ်ချ် တို့ကို   ပေးအပ်ချီးမြှင့်ရန်  အောက်တိုဘာ ၁၀ ရက်က ဆုံးဖြတ်ခဲ့သည်။ ၎င်းတို့သည်  ဘဏ်များနှင့်   စီးပွားရေး အကျပ်အတည်းများအကြောင်းကို စွမ်းစွမ်းတမံ သုတေသနပြုဖော်ထုတ်နိုင်ခဲ့သဖြင့် ယခုလို ၂၀၂၂ စီးပွားရေးဆိုင်ရာ နိုဗယ်ဆု ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

 

စီးပွားရေးသိပ္ပံဆိုင်ရာ ယခုနှစ်နိုဗယ်ဆုရှင်သည် ယခုလို ငွေကြေးကဏ္ဍတွင် အခက်အခဲများရှိနေချိန်တွင် မိမိတို့အား စီးပွားရေးတွင်  ဘဏ်များ၏အခန်း ကဏ္ဍကို   ထင်ရှားစွာ   နားလည်စေခဲ့ကြောင်း တော်ဝင်ဆွီဒင် သိပ္ပံအကယ်ဒမီက ၎င်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

 

၎င်းတို့၏  သုတေသနပြု   တွေ့ရှိချက်တွင် အရေးကြီးသော တွေ့ရှိချက်မှာ ဘဏ်များပြိုလဲခြင်းကို မည်သို့ရှောင်ရှားရမလဲဆိုသည့် အချက်မှာအရေးပါလှကြောင်း အကယ်ဒမီက ၎င်း၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြခဲ့သည်။

 

ခေတ်မီဘဏ်လုပ်ငန်းသုတေသန၏ အခြေခံအုတ်မြစ်များကို ၁၉၈၀ ပြည့်လွန်နှစ်အစောပိုင်းတွင် စီးပွားရေးသိပ္ပံဆိုင်ရာ ပညာရှင်များက ချမှတ်ခဲ့သည်။ နိုဗယ်ဆုရှင်များ၏ သုတေသနပြုခွဲခြမ်း စိတ်ဖြာမှုများသည် ဘဏ္ဍာရေးဈေးကွက်များကို ထိန်းညှိခြင်းနှင့် ဘဏ္ဍာရေးအကျပ်အတည်းများကို ကိုင်တွယ်ဖြေရှင်းရာတွင် အလွန်လက်တွေ့ဆန်ပြီး အရေးကြီးကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

 

၁၉၅၃ ခုနှစ်တွင် မွေးဖွားခဲ့သော ဘာနန်ကီသည် အမေရိကန်အခြေစိုက် ဘရွတ်ကလင်းအင်စတီကျူ၏ အဆင့်မြင့်စီးပွားရေး ပညာရှင်တစ်ဦးဖြစ်သည်။ အလားတူ ၁၉၅၃ ခုနှစ်ဖွား ဒိုင်းမွန်းသည် ချီကာဂို တက္ကသိုလ်ဘုဒ် စီးပွားရေးကျောင်းဘဏ္ဍာရေး ပါမောက္ခတစ်ဦး ဖြစ်သည်။ ၁၉၅၅ ခုနှစ်ဖွား ဒိုင်ဗစ်သည် စိန့်လူးဝစ်၊ ဝါရှင်တန်တက္ကသိုလ် အိုလင်စီးပွား ရေးကျောင်းမှ ဘဏ္ဍာရေးနှင့် ငွေကြေးပါမောက္ခ တစ်ဦးဖြစ်သည်။ စီးပွားရေးဆိုင်ရာနိုဗယ်ဆုသည် ဆွီဒင် ငွေကရိုနာ ၁၀ သန်းဖြစ်ပြီး ဆုရရှိသူများခွဲယူရ မည်ဖြစ်သည်။

 

ဆင်ဟွာ