၂၀၂၂ ခုနှစ်၊ (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများ အတွက် ဂုဏ်ပြုနေ့လယ်စာစားပွဲ အခမ်းအနားကျင်းပ         

နေပြည်တော် မေ ၂၀

 

၂၀၂၂ ခုနှစ်၊ (၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများ အတွက် ဂုဏ်ပြုနေ့လယ်စာ စားပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမတွင်ကျင်းပရာ မြန်မာ့ကျောက်မျက် ရတနာပြပွဲဗဟိုကော်မတီနာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ ဂုဏ်ပြု အမှာစကား ပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီးက ၂၀၂၂ ခုနှစ်၊ (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲကို ၂၀၂၂ ခုနှစ်၊ ဧပြီ (၂၂)ရက်မှ (၂၈)ရက်ထိ နေပြည်တော်၊ မဏိရတနာ ကျောက်စိမ်းခန်းမတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်ပါ ကြောင်း၊ ပြပွဲကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ရာတွင် ဆက်စပ်ဌာန၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များနှင့် အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ပြီး ပြပွဲဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ခဲ့သဖြင့် ပြပွဲကိုအောင်မြင်စွာ ကျင်းပ နိုင်ခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သို့ အောင်မြင်အောင် ကျင်းပနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက် ကြရာတွင် ဝန်ထမ်းများ၏ ဆောင်ရွက်ချက်များသည် အဓိကအရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း၊ ယခုပြပွဲမှ အားသာချက်၊ အားနည်းချက်များကိုဖော်ထုတ်၍ နောင်ကျင်းပမည့် ရတနာပြပွဲများတွင် လိုအပ်သည် များကို ပြုပြင်ဆောင်ရွက်နိုင်ရေးနှင့် ဝန်ထမ်းများနှင့် တာဝန်ရှိသူများကို အထူးကျေးဇူးတင် ဂုဏ်ပြုအပ်ပါ ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ‌ဝန်ထမ်းများကိုယ်စား မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းနှင့် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းတို့မှ တာဝန်ရှိ သူများကို ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ချီးမြှင့်ပြီး ဝန်ထမ်းများအား ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံသည်။

 

အဆိုပါ အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်များ၊ (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အရာထမ်း/ အမှုထမ်း (၄၅၉) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)