မကွေး ဧပြီ ၂၈

 

၂၀၂၂ ခုနှစ်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး နွေရာသီအခြေခံ အားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီး မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊  ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ နွေရာသီအားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင့်က အဖွင့်အမှာစကား ပြောကြားရာတွင် နွေရာသီအာကစားသင်တန်းများ ဖွင့်လှစ်ခြင်းသည် လူငယ်လူရွယ်များအနေဖြင့် နွေရာသီကျောင်းပိတ် အားလပ်ရက်အား အကျိုးရှိရှိ အသုံးချတတ်ပြီး အခြေခံအားကစားနည်း တစ်ရပ်ရပ်ကို လေ့ကျင့်လိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး အရည်အချင်း မြင့်မားသော နိုင်ငံ့သားကောင်း/ သမီးကောင်းများ ဖြစ်လာစေသည့်အပြင် ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် ရုပ်ပိုင်းဆိုင်ရာများတွင်သာမက စိတ်ပိုင်းဆိုင်ရာများတွင်ပါ တိုးတက်ဖွံ့ဖြိုးလာမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားကာ နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုများ ရရှိစေရန်အတွက် ဇွဲ၊ လုံ့လ၊ ဝီရိယ၊ အားမာန်တို့ဖြင့် ထူးချွန်ထက်မြက်သော မျိုးဆက်သစ် အားကစားသမားလူငယ်များ ပေါ်ထွက်လာရေးအတွက် မိမိတို့တိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်အလိုက် အားကစားပြိုင်ပွဲများအား အားကစားပြက္ခဒိန်များရေးဆွဲပြီး ပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ယခုနွေရာသီ အားကစားသင်တန်းတွင် အားကစားနည်း (၆)မျိုးအား အားကစားနည်းအလိုက် အောင်မြင်မှုရရှိခဲ့သည့် အားကစားသမားများ/ နည်းပြများမှ အခြေခံကျသည့် နည်းစနစ်များအလိုက် လေ့ကျင့်သင်ကြား  ပြသသွားမည်ဖြစ်ပြီး သင်တန်းသား/ သင်တန်းသူများ အနေဖြင့်လည်း နည်းပြဆရာများ၏ သင်ကြားပေးမှုအပေါ် အကောင်းဆုံး ကြိုးစားသင်ယူပြီး အခြေခံအဆင့်မြင့် အားကစားပညာရပ်များအား ဆက်လက်လေ့လာ လိုက်စားကာ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ သင်တန်းနည်းပြ ဆရာ/ဆရာမများနှင့် သင်တန်းသား/ သင်တန်းသူများက နွေရာသီအားကစားသင်တန်းတွင် ပါဝင်သည့် ကရာတေးကစားနည်းမှ အခြေခံနည်းစနစ်များနှင့် အတိုက်ပြကွက်များ၊ လက်ဝှေ့အားကစားနည်း၏ အခြေခံလက်သီးထိုးနည်းနှင့် စားပွဲတင် တင်းနစ်အားကစားနည်း၏ အခြေခံကစားပုံများအား လက်တွေ့သရုပ်ပြသခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ ၂၀၂၂ ခုနှစ်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး နွေရာသီအခြေခံ အားကစားသင်တန်းတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံး၊ စားပွဲတင်တင်းနစ်၊ လက်ဝှေ့နှင့် ကရာတေးဒို စသည့် အားကစားနည်း (၆)မျိုးအား သင်ကြားပြသပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ဧပြီ ၂၈ ရက်မှ မေ ၇ ရက်အထိ ဖြစ်ကြောင်း သိရသည်။

 

ကိုစည်သူ(မကွေး)