၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အလွတ်တန်း ဆောင်းပါးနှင့် စာစီစာကုံး ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်နိုင်

နေပြည်တော် မေ ၅

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင ်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၂၂ ခုနှစ် ဇွန် ၅ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို “တစ်ခုတည်းသော ကမ္ဘာမြေ (Only One Earth)” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပါဝင်ယှဉ်ပြိုင်သူများသည် မိမိတို့ ရေးသားတင်ပြလိုသည့်အချက်အလက်များ၊ သာဓကများပါဝင်သော အလွတ်တန်း ဆောင်းပါးနှင့် စာစီစာကုံးများကို သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရေးသားပေးပို့ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အလွတ်တန်း ဆောင်းပါး/ စာစီစာကုံးပြိုင်ပွဲကို မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင် ဆောင်းပါးများကို A4 ဆိုဒ် စာမျက်နှာ အနည်းဆုံး ၁၀ မျက်နှာမှ အများဆုံး ၁၅ မျက်နှာအထိ၊ ပြိုင်ပွဲဝင် စာစီစာကုံးများကို A4 ဆိုဒ် စာမျက်နှာ အနည်းဆုံး ၅ မျက်နှာမှ အများဆုံး ၇ မျက်နှာအထိ ရေးသားရမည်ဖြစ်သည်။ သတ်မှတ်ထားသော ခေါင်းစဉ်အောက်မှ မိမိကြိုက်နှစ်သက်ရာ ပုံစံဖြင့် ယှဉ်ပြိုင်နိုင်ပြီး ကွန်ပျူတာစာလုံး (Pyidaungsu)၊ စာလုံးအရွယ်အစား ၁၄ (Font Size 14)၊ စာကြောင်းအကွာအဝေး ၁ ဒသမ ၅ (Line Spacing 1.5)၊ စာရွက်ဆိုဒ် ၁ လက်မပတ်လည် (Margins 1” ပတ်လည်) Microsoft Word ဖြင့် ကွန်ပျူတာစာစီ၍ ရေးသားပေးပို့ရမည် ဖြစ်သည်။

ပါဝင်ယှဉ်ပြိုင်မည့် အလွတ်တန်း ဆောင်းပါး/ စာစီစာကုံးများသည် အခြားမှ ကူးယူထားခြင်းမဟုတ်ဘဲ မိမိကိုယ်တိုင် ဖန်တီး ရေးသားထားသော စာမူရင်းဖြစ်ရန်၊ အခြားပြိုင်ပွဲများတွင် ဆုရရှိပြီးသော၊ ပုံနှိပ်ဖော်ပြထားသော စာမူများ မဖြစ်စေရန်၊ ကိုယ်တိုင်ဖန်တီးရေးသားထားသော ကာယကံရှင် လက်မှတ်ရေးထိုးထားသည့် ဝန်ခံကတိပြုချက်နှင့် ကိုယ်ရေးအချက်အလက်အကျဉ်းတို့ကို ဆောင်းပါး၊ စာစီစာကုံးနှင့် အတူပေးပို့ရမည်ဖြစ်သည်။ ရွေးချယ်ခံရပါက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ တရားဝင် အသုံးပြုခွင့်ပေးရန်နှင့် ဆုရွေးချယ်ခံရခြင်းမရှိသော ဆောင်းပါး/စာစီစာကုံးများကို ပြန်လည်ပေးပို့မည် မဟုတ်ဘဲ ပြိုင်ပွဲဝင်စည်းကမ်းနှင့် မညီညွတ်သောစာမူများကိုလည်း ပယ်ချသွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်စာမူများပေးပို့ရာတွင် အလွတ်တန်း ဆောင်းပါး/ စာစီစာကုံးအတွက် စာမူ (Hard+ Soft Copy (Word+Pdf)) တစ်စုံစီ၊ ပြိုင်ပွဲဝင် အမည်၊ မှတ်ပုံတင်/ နိုင်ငံသား စိစစ်ရေးကတ်အမှတ်၊ ကာလာဓာတ်ပုံ ၃ ပုံ (၁.၅” x ၂ ” ဆိုဒ်)၊ ဆက်သွယ်ရန်လိပ်စာ၊ အမှန်တကယ် အသုံးပြုသည့် ဖုန်းနံပါတ်တို့နှင့်အတူ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ရုံးအမှတ် (၅၈)၊ နေပြည်တော်၊ ဖုန်း- ၀၆၇-၄၃၁၃၂၉၊ ၀၆၇-၄၃၁၄၉၇၊ အီးမေးလ် [email protected] သို့ မေ ၁၂ ရက် (ကြာသပတေးနေ့) နောက်ဆုံးထား၍ ဆက်သွယ်ပေးပို့နိုင်ပြီး အသေးစိတ်ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန Website ဖြစ်သည့် www.ecd.gov.mm နှင့် Facebook Page - Environmental Conservation Department-ECD တို့တွင် ဝင်ရောက် ကြည့်ရှုနိုင်သည်။

ဆုရရှိသူများစာရင်းကို ဇွန် ၁ ရက်တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန Website နှင့် Facebook Page များတွင် ကြေညာသွားမည်ဖြစ်ပြီး ဆုရရှိသူများကို ဇွန် ၅ ရက်တွင် နေပြည်တော်၌ ကျင်းပမည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။

MDN