နေပြည်တော်၊ ၁၇  ဇွန်

၂၀၂၂ ခုနှစ် မြန်မာနိုင်ငံ လယ်ယာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း စီမံကိန်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော် ဂရိတ်ဂေါဟိုတယ်၌ ကျင်းပသည် ။

အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ကျေးလက်ဒေသများရှိ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြသည့် ပြည်သူအများစုအတွက် လယ်ယာသန်းခေါင်စာရင်း အချက်အလက်များသည် အရေးပါသောလုပ်ငန်းတစ်ခုဖြစ်သည်ကို သတိပြုကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်း ဆောင်ရွက်သူများအနေဖြင့် ယခင်အတွေ့အကြုံများကို အသုံးချရန်လိုအပ်သည့်နည်းတူ နိုင်ငံတကာ စံချိန်စံညွှန်း များနှင့်ညီညွတ်စွာ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သို့မှသာ နိုင်ငံတကာနှင့် နှိုင်းယှဉ်တွက်ချက်ရာတွင် ပြည့်ဝ မှန်ကန်သည့် ညွှန်းကိန်းများပေါ်ထွက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး  ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တာဝန်ရှိသူများ တက်ရောက်ကြသည်။

မြန်မာနိုင်ငံ လယ်ယာသန်းခေါင်စာရင်းကို ၁၉၅၃ ခုနှစ်၊ ၁၉၉၃ ခုနှစ်၊ ၂၀၀၃ ခုနှစ်များတွင် ကောက်ယူခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် စတုတ္ထအကြိမ်ကောက်ယူခဲ့သည့် လယ်ယာသန်းခေါင်စာရင်း ကောက်ယူမှုတွင် နမူနာအိမ်ထောင်စု ၅ ဒဿမ ၄ သန်း၌ သီးနှံ စိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေး ပူးတွဲလုပ်ကိုင်နေသည့် အိမ်ထောင်စုပေါင်း ၃ ဒဿမ ၉ သန်း၊ သီးနှံစိုက်ပျိုးရေး သီးသန့်လုပ်ကိုင်သူ အိမ်ထောင်စုပေါင်း ၁ ဒဿမ ၂ သန်း၊ မွေးမြူရေး သီးသန့် လုပ်ကိုင်သူ အိမ်ထောင်စုပေါင်း   ဒဿမ ၄ သန်း ရှိကြောင်း၊ ၂၀၀၃ ခုနှစ် လယ်ယာ သန်းခေါင်စာရင်းနှင့် ၂၀၁၀ ခုနှစ် လယ်ယာသန်းခေါင်စာရင်း ကို နှိုင်းယှဉ်ပါ လယ်ယာပိုင်ဆိုင်မှုဧရိယာ အနေဖြင့် ၂၀၁၀ခုနှစ် တွင် ၄၉ ရာခိုင်နှုန်းမြင့်တက်လာကြောင်း၊ ယခုကောက်ယူမည့် လယ်ယာသန်းခေါင်စာရင်းသည် ၂၀၂၀ ခုနှစ်တွင် ကောက်ယူရန်ဖြစ်သော်လည်း ကိုဗစ်-၁၉ ကြောင့် လုပ်ငန်းများရပ်တန့်ခဲ့ရပြီး ၂၀၂၂ ခုနှစ်တွင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)