၂၀၂၂ ခုနှစ် ပဲရာသီအတွက် အစောဆုံးထွက်ရှိလာသည့် ဆောင်းမတ်ပဲများ အဖွင့်ဈေးကောင်းဖြင့် စတင် ဝင်ရောက်လာ

မန္တလေး   ဒီဇင်ဘာ   ၁၃

 

၂၀၂၂ ခုနှစ် ပဲရာသီအတွက် နယ်စုံဒေသမှ အစောဆုံးထွက်ရှိလာသည့် ပေါ်ဦးပေါ်ဖျား ဆောင်းမတ်ပဲများ မန္တလေးဈေးကွက်တွင် အဖွင့်ဈေးကောင်းမွန်စွာဖြင့် စတင်ဝင်ရောက်လာကြောင်း မန္တလေးပဲ ကုန်သည်များထံမှ သိရသည်။

 

အဆိုပါ ဆောင်းမတ်ပဲသီးနှံမှာ ဈေးကွက်အတွင်းသို့ ဒီဇင်ဘာလ ဒုတိယပတ်မှ စတင်ဝင်ရောက်လာပြီး အထွက်နှုန်းနှင့် အရည်အသွေး ပိုင်းများလည်း ကောင်းမွန်လျက်ရှိသည့်အပြင် ပြီးခဲ့သည့်နှစ် ကာလတူ ရာသီက အဖွင့်ဈေးမှာ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၈၅၀၀၀ နှုန်းသာရှိခဲ့သော်လည်း ယခုနှစ်တွင် သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၃၀၀၀၀ နှုန်းဖြင့် အဖွင့်ဈေးကောင်းရရှိနေကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။

 

“ဆောင်းမတ်ပဲတွေက ဒီလဒုတိယပတ်ကစပြီး မန္တလေးဈေးကွက်ကို စတင်ဝင်ရောက်နေတာပါ။ ဒီနှစ်ကစတင်ထွက်ရှိကတည်းက အဖွင့်ဈေးကောင်းရရှိကြပါတယ်။ မိုးဦးကစိုက်ခဲ့တဲ့ ရေသွင်းမတ်ပဲတွေက ဈေးကွက်ထဲမှာ မရှိသလောက်ဖြစ်သွားပါပြီ။ ဆောင်းမတ်ပဲက ဒီနှစ်မှာ ပိုးမွှားလည်း ဖျက်ဆီးမှု မရှိဘူး။ ရာသီဥတုကလည်း မျှတတာနဲ့ကြုံတွေ့ရလို့ မတ်ပဲအထွက်ကောင်းတယ်။ မတ်ပဲက အထက်ပိုင်းဒေသတွေမှာ သီးထပ်အနေနဲ့ စိုက်ပျိုးလို့ရတယ်။ အောက်ပိုင်းဒေသတွေ မှာတော့ တစ်နှစ်ကို ဆောင်းသီးနှံအနေနဲ့ တစ်ရာသီပဲစိုက်တယ်။ ဒီနှစ်မတ်ပဲအထွက်က နှစ်ပတ်လောက် စောတယ်။ ပြီးခဲ့တဲ့နှစ်က ဒီဇင်ဘာလကုန်မှာထွက်တယ်။ မတ်ပဲကို အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အန္ဒိယက အဓိကထားဝယ်ယူပါတယ်။ မတ်ပဲကပြည်ပပို့ကုန်ထဲမှာ ဝင်ငွေအများဆုံးရရှိတဲ့ သီးနှံဖြစ်တယ်” ဟု ၎င်းကပြောသည်။

 

လက်ရှိ မန္တလေးပဲဈေးကွက်သို့ ဆောင်းမတ်ပဲများ စတင်ဝင်ရောက်လာသည့် ဒေသများမှာ ကသာ၊ ထီးချိုင့်၊ မတ္တရာ၊ စဉ့်ကူးနယ်များမှ ဝင်ရောက်နေကြောင်း၊ ဆက်လက်ပြီး ဈေးကွက်အတွင်းသို့ မုံရွာ၊ ရွှေဘို၊ ပခုက္ကူ၊ မြင်းခြံဒေသများကလည်း မကြာခင်ကာလတွင် လှိုင် လှိုင်ထွက်ရှိလာတော့မည် ဖြစ်ကြောင်း၊ မတ်ပဲကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၌ သြဂုတ်လအတွင်း စတင်စိုက်ပျိုးကာ ဇန် နဝါရီလ အတွင်း၌ လှိုင်လှိုင်ပေါ်ထွက်လေ့ရှိပြီး မြန်မာနိုင်ငံ အောက်ပိုင်းဒေသများဖြစ်သည့် ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ဖေဖော်ဝါရီနှင့် မတ်လအတွင်း၌ လှိုင်လှိုင်ထွက်ပေါ်လေ့ရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)